မတ္တရာမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

မတ္တရာ မေ ၃

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ဧပြီလ ၃၀ရက်နေ့က လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်ပျက်စီးဆုံးရှုံးသွားသော ပြည်သူများနှင့် အသက်သေဆုံးသွားသည့် ကျန်ရစ်သူမိသားစုအတွက် မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအေးမင်းသူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးစန်းယုတို့မှ ယခုကာလသည် လေပြင်းများ တိုက်ခတ်သောရာသီဖြစ်သည့်အတွက် အထူးဂရုပြုနေထိုင်ကြရန်နှင့် လေပြင်းများတိုက်ခတ်၍ ပျက်စီးဆုံးရှုံးများဖြစ်ပေါ်ပါက သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိ သူများနှင့် ဆက်သွယ်ကြရန် လိုအပ်ပါကြောင်း ယခုထောက်ပံ့ငွေများသည် ပျက်စီးဆုံးရှုံးမှုများ ပြုပြင်ရန်အတွက် အထောက်အပံ့ဖြစ်စေရန် ပေးအပ်ရခြင်းဖြစ်ပါကြောင်းဖြင့် အမှာစကားများ ပြောကြားခဲ့သည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး  ဦးအေးမင်းသူမှ အိမ်ထောင်စု (၃၄၈)စု လူဦးရေ(၁၃၇၁)ဦးအတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုးနှင့် ဆန်ရိက္ခာဖိုးအတွက် ထောက်ပံ့ငွေ ကျပ် ၁၇၁၇၉၁၀၀နှင့် သေဆုံးသူ အိမ်ထောင်စုအတွက် ထောက်ပံ့ငွေ ကျပ် ၃သိန်းနှင့် ထောက်ပံ့ပစ္စည်းတို့ကို  လွှဲပြောင်းပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ လက်ခံရယူခဲ့သည်။ ထို့နောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များမှ ထောက်ပံ့ငွေများကို ပြန်လည်လွှဲ ပြောင်းပေးအပ်ရာ လေဘေးသင့် ပြည်သူများကိုယ်စား သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ လက်ခံရယူခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ လေဘေးသင့် ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)