အင်းတော်မြို့ မြို့မပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်

အင်းတော်  မေ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ မြို့မပရိယတ္တိ စာသင်တိုက်ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းရှိ စေတီကြီးရင်ပြင်နှင့် လျှောက်လမ်းများအား သန့်ရှင်းသာယာလှပစေရေး အတွက် ယမန်နေ့ နံနက် ၈ နာရီအချိန်က အင်းတော်မြို့ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းပြီး မြို့နယ်အတွင်းရှိ ဖွံ့ဖြိုးသာယာရေး လုပ်ငန်းများကို အခါအားလျှော်စွာ ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဝန်ထမ်း မိသားစုများအနေဖြင့် ဆက်လက်၍လည်း မြို့ဖွံ့ဖြိုးသာယာရေး လုပ်ငန်းများ ဆက်လက် စုပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း အင်းတော်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်က ပြောပြခဲ့သည်။

အဆိုပါလုပ်ငန်း ဆောင်ရွက်သည့်နေရာသို့ အင်းတော်မြို့နယ်အတွင်းရှိ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနပေါင်းစုံမှ ဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ လာရောက်၍ ဘုန်းတော်ကြီးကျောင်း စေတီကြီးရင်ပြင်နှင့် လျှောက်လမ်းများ သန့်ရှင်းသာယာ လှပရေးအတွက် ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်မျာ ရှင်းလင်းခြင်း လုပ်ငန်းများကို စုပေါင်း ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ကျော်သီဟ(ပြန်/ဆက်)