ကဝ မေ ၃
ပဲခူးခရိုင်၊ ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Book Club) စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းနှင့် (Youth Club) လူငယ်အသင်းတို့ ပူးပေါင်း၍ စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားထားသည့် " လူငယ်နှင့် အခွင့်အလမ်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ (၁) နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ လူငယ်များအနေဖြင့် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများ ရရှိစေရေး၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများ ရင်းနှီးမှုရရှိစေရေး ရည်ရွယ်၍ စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားထားသော "လူငယ်နှင့် အခွင့်အလမ်း" စာအုပ်ပါအသိပညာပေး ဆောင်းပါးများကို (Book Club) စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင် ဦးကျော်ကိုကို၊ စာပေဝါသနာရှင် ဒေါ်အေးပြည့်ပြည့်နှင့် (Youth Club) လူငယ်အဖွဲ့ဝင် မအေးအောင်ထက် တို့ကစာအုပ်ပါ အသိပညာပေးဆောင်းပါး အကြောင်းအရာများနှင့် ပတ်သက်၍ ၎င်းတို့၏ အတွေးအမြင်၊ အသိပညာများကို အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ကဝမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ဖွဲ့စည်းထားသော Club အဖွဲ့များနှင့် လည်းကောင်း၊ စာပေဝါသနာရှင်များနှင့် လည်းကောင်း လစဉ်ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သန်းသန်းဝင်း(ပြန်/ဆက်)