မင်းလှမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များအား ထောက်ပံ့ငွေ ပေးအပ်

အထက်မင်းလှ မေ ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ဧပြီလ ၃၀ ရက်နေ့တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့သည့် တောင်ဦးကျေးရွာ၊ ထန်းကိုင်းကျေးရွာ၊ ကိုင်းကျေးရွာနှင့် ရွာသစ်ကျေးရွာတို့မှ တစ်စိတ်တစ်ပိုင်း ပျက်စီးလူနေအိမ်(၁)လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၁၄) လုံး အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက် ပစ္စည်းထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများကို ယမန်နေ့ညနေ ၄ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါထောက်ပံ့ငွေပေးအပ်ပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အမှာစကားပြောကြားပြီး မင်းလှမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်နီလာဦးက ထောက်ပံ့ငွေပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်  ထောက်ပံ့ငွေပေးအပ်ပွဲပြုလုပ်ရာ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်  နေအိမ်များ အတွက် မင်းလှမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးတို့က တစ်စိတ်တစ်ပိုင်းပျက်စီးလူနေအိမ်(၁)လုံး၊ အမိုးလန်ပျက်စီး နေအိမ် (၁၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးကျပ် (၃၀၅၀၀၀) နှင့် ဆန်ရိက္ခာတန်ဖိုးကျပ် (၃၉၅၃၀၀) တို့ကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ထောက်ပံ့ပေးခဲ့ ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)