နတ်မောက် မေ ၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျောင်းသူလေးများအား နွေရာသီကျောင်းပိတ်ရက်များတွင် ကာယဉာဏ ဖွံ့ဖြိုးစေရန်နှင့် အားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန် ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်ခန့်က ချည်ထိုးနည်း အခြေခံ ကို သင်ကြား ပြသခဲ့သည်။
အဆိုပါ ချည်ထိုးနည်းအခြေခံသင်ကြားပြသရာတွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ (သတ္တမတန်း) ကျောင်းသူ မအိသံစဉ်ချိုက တက်ရောက်လာကြသည့် ကျောင်းသူလေးများအား အရင်ဆုံးချည်စထိုးရာတွင် (3 mm) အပ်နဲ့စထိုးရင်ပိုပြီးအဆင်ပြေပါတယ်။ ချည်စထိုးမယ် ဆိုရင် ချည်အစကို ကွင်းလေးလုပ်ရပါမယ်၊ ကွင်းလေးထဲကိုအပ်ထိုးပြီး အပ်ခေါင်းကို ကိုယ့်ဘက်အမြဲတမ်း လှည့်ထားရပါမယ်၊ ချည်ကိုင်မယ် ဆိုရင် လက်သန်းကနေချည်ပတ်ပြီး လက်ညိုးပေါ်တင်၍ ချည်စကွင်းကိုကိုင်ကာ ချည်ထိုးအပ်နဲ့ ကွင်းထဲသွင်းကာ ချည်ကိုချိတ်ဆက်ကွင်းလေး တွေဖြစ်အောင် ထိုးပေးရပါတယ်၊ ပထမဆုံးကတော့ ဖွတ်မြီးကျစ်ကို ကျွမ်းကျွမ်းကျင်ကျင်ဖြစ်အောင် ပြုလုပ်ရပါတယ်ဟုပြောပြီး ချည်ထိုး နည်းကို လက်ပူးလက်ကျ သင်ကြားပေးခဲ့ရာ တက်ရောက်လာကြသည့် ကျောင်းသူ လေးများကလည်း စိတ်ပါဝင်စားစွာသင်ကြားပေးခဲ့ ကြောင်း သိရသည်။
လှဝင်း (ပြန်/ဆက်)