ကန့်ဘလူမြို့နယ်တွင် သဘာဝဘေးကြောင့် ထိခိုက်ဒဏ်ရာရသူနှင့် ပျက်စီးမှုများအတွက် ထောက်ပံ့ပေးအပ်ပွဲကျင်းပ

ကန့်ဘလူ မေ ၃

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် မတ်လနှင့် ဧပြီလများက သဘာဝဘေးကြောင့် ထိခိုက်ဒဏ်ရာရသူနှင့် လူနေအိမ်ပျက်စီးမှုများအတွက် ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၁ နာရီခန့်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့် က သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးမှုများအတွက် ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင် စီမံခန့်ခွဲ့မှုဦးစီးဌာန ဒုတိယ ဦးစီးမှူးဒေါ်ကြည်အေးတို့က ပေးအပ်ရာ ထိခိုက် ဒဏ်ရာရရှိသူနှင့် မီးဘေး၊ လေဘေးသင့် ပြည်သူများက လက်ခံရယူကြသည်။

ကန့်ဘလူမြို့နယ်၌ မတ်လနှင့်ဧပြီလတို့တွင် မီးဘေး၊ လေဘေးကြောင့် ထိခိုက်ဒဏ်ရာရသူ တစ်ဦးအား ငွေကျပ် ၅၀၀၀၀ ကိုလည်းကောင်း၊ မီးဘေးကြောင့် ကန့်ဘလူမြို့ အမှတ် (၅) ရပ်ကွက်မှ အိမ်ခြေနှစ်လုံး၊ ထန်းကုန်းကျေးရွာမှ အိမ်ခြေသုံးလုံး၊ လေဘေးကြောင့် ရွာသစ်ကုန်း ကျေးရွာမှ အိမ်ခြေတစ်လုံး ထိခိုက်ပျက်စီးခဲ့ရာ အဆိုပါအိမ်များအတွက် ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး စုစုပေါင်း ၅၉၀၉၀၀ ကျပ်နှင့်ကယ်ဆယ်ရေး ပစ္စည်း ၁၇ မျိုးတို့ အားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှု ဦးစီးဌာနမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)