ပေါက်ခေါင်းမြို့နယ်၌ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာ‌ပေးဆွေးနွေးပွဲများ ကွင်းဆင်းဆောင်ရွက်

ပေါက်ခေါင်း မေ ၃

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးရေးဆိုင်ရာနည်းပညာပေး‌ဆွေးနွေးပွဲများကို ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာများက ဘန့်ပြင်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ မွေးမြူရေးလုပ်ငန်းများကိုလည်း အားထည့်ဆောင်ရွက်နိုင်ရေးနှင့် ဒေသနှင့်ကိုက်ညီသည့်အခြားစိုက်ပျိုးသီးနှံများကိုလည်း ရာသီအလိုက်ပိုမိုစိုက်ပျိုးနိုင်ရေးတို့ကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ အခြားဌာနဆိုင်ရာများကလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကဏ္ဍအလိုက် အသီးသီးဆွေးနွေးပြောကြားပြီး ကျန်းမာ‌ရေးဦးစီးဌာနမှလည်း ကိုဗစ်-၁၉ကာကွယ်ဆေးကို အပြည့်အဝထိုးနှံပေးကြဖို့နှင့် အပူဒဏ်ကာကွယ်ရေးတို့အတွက် အသိပညာ‌ပေးပြောကြားခဲ့သည်။ ထို့နောက်ဒေသခံတောင်သူများမှ သိရှိလိုသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်မေးမြန်းခဲ့ရာ သက်ဆိုင်ရာဌာနဆိုင်ရာများက ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာသို့ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဆည်‌ မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ကျန်းမာ‌ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)