ဘားအံ မေ ၃
ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များလိုက်ပါ၍ ဘားအံတက္ကသိုလ်ရှိ အတန်းအားလုံးနှင့် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ ပထမနှစ်သင်တန်းတက်ရောက်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများကို ယမန်နေ့ နံနက်ပိုင်းက သွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ဘားအံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေး၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ကထိက၊ ဌာနမှူးများက ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများအား လိုက်လံ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြား သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံတက္ကသိုလ် အဝေးသင်နောက်ဆုံးနှစ်(သိပ္ပံတွဲ) ပထမအသုတ် စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး အဆိုပါစာမေးပွဲကို အဝေးသင် နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူ ၆၃ ဦးက ဧပြီလ ၂၈ ရက်နေ့မှ မေလ ၄ ရက်နေ့ထိ ဖြေဆို သွားမည်ဖြစ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် Excellent Unity Co.,Ltd မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော အလျား ၁၀၅ ပေ၊ အမြင့် ၁၆ ပေရှိ ဘားအံတက္ကသိုလ်မုခ်ဦး တည်ဆောက် ရေးလုပ်ငန်းခွင်အား သွားရောက် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)