ထီးချိုင့် မေ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခုနှစ် မိုးရာသီနှင့် ဆောင်းရာသီတွင် ပြည်တွင်း စားသုံးဆီဖူလုံရေးအတွက် နေကြာသီးနှံဧက(၂၀၀၀၀)ခန့် စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထီးချိုင့်မြို့နယ်အနေဖြင့် ဆီထွက်သီးနှံများတွင် နေကြာသီးနှံသည် ဒုတိယအများဆုံး စိုက်ပျိုးပြီး စိုက်ပျိုးမြေဧရိယာ၏ ၃၀%ခန့်မှာ ဆီထွက်သီးနှံ စိုက်ပျိုးသောဒေသတစ်ခုလည်းဖြစ်သည်။ ယခု လာမည့်မိုးရာသီတွင် နေကြာသီးနှံဧက(၄၀)စမ်းသပ်စိုက်ပျိုးမည်ဖြစ်ပြီး ၂၀၂၂-၂၀၂၃ ခုနှစ် စိုက်ပျိုး ရာသီတွင် နေကြာသီးနှံကို သီးထပ်၊ သီးညှပ်အနေဖြင့် ယခင်နှစ်ကထက် ဧက(၅၇၇)တိုးချဲ့ စိုက်ပျိုး သွားမည် ဖြစ်ကြောင်း သိရသည်။
ထီးချိုင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သီးနှံအထွက်နှုန်း တိုးတက်ရေးအတွက် သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာ အချိုးကြသုံးစွဲ နည်းစနစ်များ၊ ဘက်စုံပိုးမွှားကာကွယ် နှိမ်နင်းရေး နည်းစနစ်များ၊ ရိတ်သိမ်းချိန်တွင် အထွက်နှုန်း လေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် အချိန်မှီ ရိတ်သိမ်း ခြွေလှေ့နည်းစနစ်များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာ ပြန့်ပွားရေးစင်တာအလိုက် ကွင်းတာဝန်ခံများမှ အသိပညာပေး ခြင်းလုပ်ငန်းကို ကွင်းဆင်း၍လည်းကောင်း၊ IT နည်း ပညာဖြင့်လည်းကောင်း ပံ့ပိုးကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးရာသီတွင် နေကြာစိုက်ပျိုးဧက(၄၀)နှင့် ဆောင်းရာသီတွင် နေကြာစိုက် ပျိုးဧက(၁၉၉၄၂)ဧက၊ စုစုပေါင်း (၁၉၉၈၂)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မှ သိရသည်။
ရဲလင်းထွန်း(ထီးချိုင့်)