ဒဂုံအရှေ့ မေ ၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ပြည်သူ များ ဗဟုသုတရရှိစေရန် အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုများ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့်အလေ့အထများ ရရှိစေရန် ရည်ရွယ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ပြည်သူများထံသို့ စာအုပ်စာစောင်များအား နယ်လှည့်ကွင်းဆင်းငှားရမ်းပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်(၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၁၃) ရပ်ကွက်သို့ နယ်လှည့်စာကြည့်တိုက်အဖြစ် ကွင်းဆင်း ဆောင်ရွက်ကာ စာအုပ်စာစောင်များ ဌားရမ်းပေးခဲ့ကြောင်းသိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရုံးအနေဖြင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ် ပရိသတ်များနှင့် ကလေးများအတွက် Online မှတဆင့် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ပြခြင်း၊ စက္ကူခေါက်ခြင်း၊ စာအုပ်မိတ်ဆက်ခြင်းနှင့် အသိပညာပေး Talk Show အစီအစဉ် များကို ရိုက်ကူးတင်ဆက်ပေးခြင်းတို့အပြင် ရပ်ကွက်/ ကျေးရွာများသို့ နယ်လှည့်စာကြည့်တိုက်အဖြစ် စာဖတ်ပရိသတ်ပြည်သူများ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေးလျက် ရှိကြောင်းသိရှိရသည်။
အေးမဉ္ဇူ