မိုးကောင်း မေ ၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ မြတောင်ကျေးရွာအုပ်စု၊ နန့်လှိုင်ကျေးရွာ၌ ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံအဆင့်)သင်တန်းဆင်းပွဲကို ဧပြီ(၃၀)ရက်နံနက်(၁၀)နာရီတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးမျိုးဝင်းက အမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ စာတွေ့လက်တွေ့ ပထမ၊ ဒုတိယနှင့်တတိယဆုရရှိသူ၊ စစ်ရေးပြ တစ်ဦးချင်း ပထန၊ ဒုတိယနှင့် တတိယဆုရသူများ၊ စစ်ရေးပြအဖွဲ့လိုက်အကောင်းဆုံးဆုနှင့် စံပြထူးချွန်ဆု ရရှိသူများကို ဆုအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံအဆင့်)သင်တန်းကို နန့်လိုင်ကျေးရွာ အမက-၂ မြတောင်ကျောင်း၌ ဧပြီ(၂၇)ရက်နေ့မှ (၃၀)ရက်နေ့ထိ သင်တန်းသား (၁၅)ဦး၊ သင်တန်းသူ(၂၈)ဦးဖြင့် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ နည်ပြများက နံနက်(၈)နာရီမှ ညနေ(၃)နာရီ မိနစ်(၄၀)ထိ စာတွေလက်တွေ့ ပို့ချသင်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ ရှေးဦးပြုစုခြင်းအခြေခံသဘောတရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ အခြေခံအသက်ကယ်အထောက်အကူပြုနည်း၊ ကိုဗစ်-၁၉ရောဂါနှင့်ဆက်စပ်သော ရှေးဦးပြုစုခြင်း၊ ကိုဗစ်-၁၉ကာလ အခြေခံအသက်ကယ်နည်းအဆင့်ဆင့်၊ Mine Rise Education-MRE မိုင်းအန္တရာယ်အသိပညာပေး၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ကြွက်သားနှင့် ရိုးဆက်ကြောဒဏ်ရာ၊ ပတ်တီးစည်းနည်း၊ ရှေးဦးပြုစုမည့်သူ လိုက်နာရမည့်အချက်များ စသည့်ဘာသာရပ်များ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)