မိတ္ထီလာ၌ ကြက်ခြေနီအခြေခံရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မိတ္ထီလာ မေ ၁         

မိတ္ထီလာ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော   ကြက်ခြေနီအခြေခံရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားအား  ယမန်နေ့ ညနေ(၄) နာရီ အချိန်က ခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပကြောင်းသိရသည်။

အဆိုပါ သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က သင်တန်းဆင်းအမှာစကားပြောကြားသည်။ သင်တန်းသူ/သင်တန်းသားများကို  သင်တန်းမှသင်ကြားပို့ချပေးပြီး လေ့လာသင်ယူခဲ့ကြသည့်  အခြေခံရှေးဦးပြုစုခြင်းပညာရပ်များအား လက်တွေ့နယ်ပယ်တွင် အသုံးချဆောင်ရွက်ကြရန် ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးနေဦးက ပြောကြားသည်။ ဆက်လက်၍  သင်တန်းစမ်းစစ်ချက် စာမေးပွဲတွင်ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသည့် သင်တန်းသူများအား လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပေးအပ်ချီးမြှင့်သည်။ သင်တန်းသူ/သင်တန်းများကိုယ်စား သင်တန်းသားတစ်ဦးထံသို့ သင်တန်းဆင်းလက်မှတ်များကို ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးနေဦးက  ပေးအပ်ချီးမြှင့်သည်။ အဆိုပါ ကြက်ခြေနီရှေးဦးပြုစုခြင်းသင်တန်းအား ဧပြီလ၂၈ ရက်နေ့မှ ၃ဝ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသူ/ သင်တန်းသား (၃ဝ) ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။ 

ချမ်းသာ