ငဖဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ မိုးရာသီနှင့်ဆောင်းရာသီ နေကြာသီးနှံနှင့်ဝါသီးနှံ စိုက်ပျိုးရာသီတွင် ပြည်တွင်းစားသုံးဆီ ဖူလုံစေရေးအတွက် နေကြာသီးနှံ ၆၃၅၉ ဧကနှင့် ဝါသီးနှံ၃၅၀၀ ဧက စိုက်ပျိုးမည်

ငဖဲ ဧပြီ ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီနှင့်ဆောင်းရာသီ နေကြာသီးနှံနှင့် ဝါသီးနှံစိုက်ပျိုးရာသီတွင် ပြည်တွင်း စားသုံးဆီ ဖူလုံစေရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုမြင့်မားစေရေးအတွက် နေကြာသီးနှံ ၆၃၅၉ ဧကနှင့် ဝါသီးနှံ ၃၅၀၀ ဧကကိုလျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ခုနှစ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် ဆီထွက်သီးနှံ၊ နေကြာမျိုးစေ့အချိန်မီရရှိနိုင်ရေး၊ သီးသန့်စိုက်ပျိုး ခြင်း၊ သီးညှပ် စိုက်ပျိုးခြင်း၊ သီးထပ်စိုက်ပျိုးခြင်းတို့အား လျာထားချက်ပြည့်မီရေးအတွက် ကျေးရွာအုပ်စု ၂၂ အုပ်စုတွင် မိုးနေကြာ (၃၉၆၁)ဧကနှင့် ဆောင်းနေကြာ (၂၃၉၈)ဧက စုစုပေါင်း (၆၃၅၉)ဧကနှင့် မိုးနှောင်း ချည်မျှင်ရှည်ဝါကို ကျေးရွာအုပ်စု ၉ အုပ်စုတွင် ၃၅၀၀ ဧက စိုက်ပျိုးသွားမည်ဖြစ်သည်။

စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေး၊ အထွက်နှုန်းကောင်းမွန်စေရေး၊ ပိုးမွှားရောဂါများ ကြိုတင်ကာကွယ်ရေး၊ ရိတ်သိမ်းချိန်တွင် လေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ခံ ကွင်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ စိုက်ပျိုးနည်းစနစ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ကျေးရွာအုပ်စု အလိုက် တောင်သူများနှင့် Viber Group ဖွဲ့၍ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမြင့်သိန်းထံမှ သိရသည်။

မယု(ငဖဲ)