မိုင်းယောင်း စက်တင်ဘာ ၃
ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် COVID-19 Economic Relief Plan (CERP)ဖြင့် ဆောင်ရွက်သော ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းနှင့် စိုက်နည်းစနစ်စမ်းသပ်ကွက်တွင် ယနေ့ နံနက်ပိုင်းက မျိုးကွဲ နုတ်ပယ်ခြင်းနှင့် သီးနှံကာကွယ်ရေး ပိုးမွှား၊ ရောဂါကျရောက်မှုမရှိစေရန် ကြိုတင် ကာကွယ်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“အမှန်တကယ် ကြီးထွားမှုအပိုင်းမှာတော့ မြေသြဇာ ပြည့်စုံစေခြင်း၊ ရေထိန်းပေးခြင်း၊ ပိုးမွှား အန္တရာယ် ကာကွယ်ခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးရပါတယ်။ အပွင့်၊ အသီး၊ ရင့်မှည့် တဲ့ ခူးဆွတ်တဲ့ အပိုင်းမှာတော့ မြေသြဇာအသစ် ထည့်ပေးခြင်း၊ ပိုးမွှားကာကွယ်ခြင်း၊ ရာသီဥတုဒဏ်ကို ခံနိုင်ခြင်း၊ ရေထုတ်ခြင်း၊ ရိတ်သိမ်းနယ်ထုတ်ခြင်းတို့ကို ပြုလုပ်ပေးရ ပါတယ်”ဟု မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းနှင့် စိုက်နည်းစနစ်စမ်းသပ်ကွက် အောင်မြင်ဖြစ်ရေး နှင့် ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက ပြောသည်။
စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးနှင့် ဝန်ထမ်းများက မျိုးစေ့စံကွက် များ အထွက်နှုန်းတိုးတက်စေရေးအတွက် မျိုးကွဲအပင်များကို တံစဉ်ဖြင့် ရိတ်ဖြတ်ခြင်း၊ အမြစ်ပါ ပါအောင် ဆွဲနှုတ်ခြင်း စသည့် မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ပိုးမွှားနှင့် ရောဂါများ မကျရောက်စေရန် ဆေးဖျန်းခြင်း၊ ကြွက်တွင်းများ ဖျက်ဆီးပစ်ခြင်း စသည့် သီးနှံကာကွယ်ရေး ပိုးမွှား၊ ရောဂါကျရောက်မှုမရှိစေရန် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း