ဒက္ခိဏသီရိမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဒက္ခိဏသီရိ     စက်တင်ဘာ    ၃

ဒက္ခိဏသီရိမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များသည် ယမန်နေ့က ဒက္ခိဏသီရိရပ်ကွက် ဟိုတယ်ဇုန်(၁)ရှိ ဟိုတယ်(၂၄)လုံးသို့သွားရောက်ပြီး မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရန်၊ မဲစာရင်းများ ပြည့်စုံ မှန်ကန်မှုရှိစေရန်အတွက် မဲဆန္ဒရှင်စာရင်းများကို တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများကို အဖွဲ့လိုက် အဖွဲ့ခွဲ၍ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အလားတူ ယမန်နေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိရပ်ကွက် ဟိုတယ်ဇုန်(၁)ရှိ ဟိုတယ်(၂၂)လုံးနှင့် ကြာပင် ကျေးရွာအုပ်စုရှိ ကျောက်မျက်အထူးကွက်သို့ သွားရောက်ပြီး မဲစာရင်းများနှင့် အချက်အလက်များ ပြည့်စုံမှန်ကန် မှုရှိ/မရှိတို့ကို တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ကြသည်။

ဒက္ခိဏသီရိမြို့နယ်တွင် ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ပထမအကြိမ် မဲဆန္ဒရှင် စာရင်းများကို ကပ်ထားကြေညာခဲ့ရာ မဲဆန္ဒရှင်စာရင်းတွင် အမည်စာရင်းမပါ၍ပုံစံ(၃)ဖြင့် လျှောက်ထား သူ (၈၁၅)ဦး၊ မဲစာရင်းတွင် မပါဝင်သင့်သူများပါဝင်နေ၍ ပုံစံ(၄)ဖြင့် ကန့်ကွက်လွှာ လျှောက်ထားသူ(၅၅၀)ဦး၊ ကိုယ်ရေးအချက်အလက်များမှာယွင်း၍ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ လျှောက်ထားသူ (၄၈၅)ဦး ရှိပြီး ယနေ့အထိ မဲဆန္ဒရှင်စာရင်းစုစုပေါင်း(၂၈၁၂၆)ဦးရှိကြောင်းသိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)