လွိုင်လင် ဧပြီ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်တွင် ပင်လုံတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်(ပင်လုံ)၊ ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (ပင်လုံ) တို့ရှိရာ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်ကို မကြာမီကာလအတွင်း ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည်။ တက္ကသိုလ်ကျောင်ူများဖွင့်လှစ်ချိန်တွင် ကျောင်းသား / ကျောင်းသူများ စိတ်ချ လုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် လွိုင်လင်တပ်နယ်မှူးနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ တက္ကသိုလ်များမှ တာဝန်ခံပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာများမှ ညှိုနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင်ပြုလုပ်သည်။
ရှေးဦးစွာ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးကြီးသန်းထွန်းအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် လာမည့်မေလ၌ တက္ကသိုလ်ကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ၊ တက္ကသိုလ် အသီးသီးတွင် တက်ရောက်ကြမည့် ကျောင်းသား/ သူများ ဘေးကင်းလုံခြုံစွာ ပညာ သင်ကြားနိုင်ရေးအတွက် တပ်ဘက် နယ်ဘက်ပူးပေါင်း၍ လိုအပ်သည့်စီမံဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးရန်အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ တာဝန်ခံပါမောက္ခချုပ်များနှင့် ဌာနဆိုင်ရာများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကံစောလှိုင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဥက္ကဋ္ဌ ဦးသိန်းထွဋ် နှင့်အဖွဲ့ဝင်များ၊ တက္ကသိုလ်များမှ တာဝန်ခံ ပါမောက္ခချုပ်များက သင်ကြားစီမံမှုအခြေအနေများ၊ ကျောင်းသား/ကျောင်းသူ အဆောင်တည်ဆောက်ပြီးစီးမှုအခြေအနေများကို လည်းကောင်း၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများမှလိုအပ်မည့် ကိစ္စများကို ဖြည့်စွက်အကြံပြုဆွေးနွေကြပြီးနောက် တပ်နယ်မှူးက အကြံပြုချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
ယနေ့ညှိနှိုင်းအစည်းအဝေးတွင် ကျောင်းတွင်း ကျောင်းပြင် သန့်ရှင်းရေးဆောင်ရွက်ရန်၊ ကျောင်းတွင်းအဆောင်နေနှင့် ပြင်ပအဆောင်နေစာရင်းများ စနစ်တကျ ပြုစုထားရန်၊ ကျောင်းတွင်း ကျောင်းပြင်လုံခြုံရေး အထူးဂရုပြုဆောင်ရွက်ကြရန်းဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
လွိုင်လင်မိုး