မြောင်းမြ ဧပြီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား ကျောင်းသူများ အချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန် ရည်ရွယ်၍ နွေရာသီ အခြေခံရှေးဦးသူနာပြုစုနည်း (အခမဲ့)သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် မြောင်းမြမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာထွန်းက သင်တန်းဆင်း အမှာစကားပြောကြားရာတွင် ကျောင်းသူ ကျောင်းသားတွေအနေနဲ့ သင်တန်းမှာသင်ကြားတဲ့ စာတွေ့၊ လက်တွေ့သင်ခန်းစာတွေကို နောင်ကိုယ့်ပတ်ဝန်းကျင်မှာ အရေးကြုံလာရင် အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ ကိုယ်တတ်ထားတဲ့ပညာကို တခြားသူတွေကို ပြန်လည်မျှဝေပေးပြီး ကိုယ်ကိုယ်တိုင်လည်း လက်တွေ့အကျိုးရှိရှိ အသုံးချရမယ့်နေရာတွေမှာ ပြန်လည်အသုံးချကြရန်လိုကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသူ သင်တန်းသူ မအိမ့်မှူးသဇင်၊ မနှင်းရတီလှိုင်နှင့် မနှင်းယွန်းအိမ်တို့ကို ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီးနောက် သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက သင်တန်းနည်းပြ ဦးစန်းဝင်းအား အမှတ်တရလက်ဆောင် ပေးအပ်ပါသည်။
ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက သင်တန်းနှင့်ပတ်သက်ပြီး ကျေးဇူးတင်စကားပြောကြားပြီး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားကို နံနက် ၁၁ နာရီခွဲတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းကို မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ဧပြီလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ သုံးရက်ကို စာတွေ့လက်တွေ့ သင်ခန်းစာများဖြင့် သင်ကြားပေးခဲ့ပြီး သင်တန်းဆန်းစစ်ချက်ကို ဧပြီလ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)