ထန်းတပင်မြို့နယ်၌ ဉာဏ်စမ်းပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ထန်းတပင် ဧပြီ ၂၆

အနာဂတ်ကလေးငယ်များအား စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အတတ်ပညာအသိပညာများ ပြည့်စုံလာစေရန်ရည်ရွယ်၍ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နေ့လယ်ပိုင်းက  မူလတန်းအဆင့် ဉာဏ်စမ်းပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စီစီစိုးဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်သဇင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဉာဏ်စမ်းပြိုင်ပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကို မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး‌‌ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား တာ၀န်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မျိုးဆက်သစ် လူငယ်လေးများ အသိပညာဗဟုသုတတိုးပွားစေရန် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း အပြင်သင်တန်းများ၊ ပန်းချီပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲစသည့်အစီအစဉ်များအား ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)