ထန်းတပင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ထန်းတပင် (ပဲခူး) ဧပြီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင် မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ထန်းတပင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၁ နာရီ အချိန်က ကျင်းပသည်။

ရှေးဦးစွာ ထန်းတပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမြင့်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စီမံကိန်းရည်မှန်းချက်များကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း(MSDP)ပါ ရည်မှန်းချက်ပန်းတိုင်များ၊ မဟာဗျူဟာ၊ နည်းဗျူဟာများနှင့်အညီ ရေးဆွဲထားလျက်ရှိပြီး ဒေသန္တရစီမံကိန်းရည်မှန်းချက်အရ ကဏ္ဍကြီးများအလိုက် ထုတ်လုပ်မှုနှုန်းနှင့် ဝန်ဆောင်မှုတန်ဖိုးများကို တိုးတက်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကဏ္ဍအလိုက်ပါဝင်မှုတွင် လယ်ယာ ဏ္ဍ၊ စက်မှုကဏ္ဍ၊ ပို့ဆောင်ရေး ကဏ္ဍများကို အဓိကထားကာပိုမိုတိုးတက်အောင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ယခုနှစ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်တွင် ရင်းနှီးမြှပ်နှံမှု တန်ဖိုးအရ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် စုစုပေါင်းငွေကျပ် (၁၆၁၀ ဒသမ ၃၀၉)သန်းဖြင့် ဆောင်ရွက်ရန် လျာထားလျက်ရှိကြောင်း၊ သက်ဆိုင်ရာ ဌာနများအနေဖြင့် မိမိတို့ကဏ္ဍ အလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လစဉ်ပြီးစီးမှု အခြေအနေများကို စီမံကိန်း ဦးစီးဌာနသို့ ဆက်လက်ပေးပို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ထန်းတပင် မြို့နယ်၏ ဂျီဒီပီတိုးတက်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ထန်းတပင်မြို့နယ် စီမံကိန်းဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးမြင့်က ဒေသန္တရ စီမံကိန်း ရည်မှန်းချက်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်နှင့်မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်ဌေးဌေးမြင့်တို့က ထန်းတပင် မြို့နယ် အတွင်းရှိ သက်ဆိုင်ရာဌာနများမှ တာဝန်ခံများထံ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်များ ပေးအပ် ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)