ဒေါ်ဇာဇာထွန်း၊ လက်ထောက်ညွှန်ကြားရေးမှူး
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မြောက်ဦးဌာနခွဲ
မေး။ ဆရာမအနေနဲ့ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်ဖြစ်စေရေးအတွက် ဆောင်ရွက်နေတဲ့ အခြေအနေများကို သိရှင်ပါတယ်ရှင့် ။
ဖြေ။ ဆရာမတို့အနေနဲ့ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် ၂၀၁၇ ခုနှစ်မှ စတင်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုးရီးယားနိုင်ငံ UNESCO တို့မှ အဖွဲ့အစည်းများ၊ နိုင်ငံတကာမှ ပညာရှင်းများနဲ့ ပြည်တွင်းပညာရှင်တွေပူးပေါင်းပြီးတော့ ဆောင် ရွက်ခဲ့ပါတယ်၊ အဆိုပြုစာတွဲ အပြည့်အစုံ( Nomination Dossier-Complete) နဲ့ နောက်ဆက်တွဲတွေ၊ မြေပုံတွေကို ပြင်သစ်နိုင်ငံ ပါရီမြို့မှာရှိတဲ့ ယူနက်စကို ကမ္ဘာ့အမွေအနှစ်ကော်မတီကို ပြင်သစ် နိုင်ငံဆိုင်ရာသံအမတ်ကြီးမှတဆင့် (၃၀-၁၂-၂၀၂၁) ရက်နေ့မှာ ပေးပို့ခဲ့ပြီးဖြစ်ပါတယ်၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာ ပေးပို့တင်ပြထားတဲ့ ယဉ်ကျေးမှုအမွေအနှစ်ဒေသတွေကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ နောက်ပိုင်းမှာ UNESCO ကမ္ဘာ့အမွေအနှစ် ကော်မတီဝင် ပညာရပ်ဆိုင်ရာအဖွဲ့ဖြစ်တဲ့ ICOMOS အဖွဲ့ရဲ့ ကျွမ်းကျင် ပညာရှင်တွေက လာရောက်ပြီး မြေပြင်ကွင်းဆင်း အကဲဖြတ်မှာဖြစ်ပါတယ်၊ ကမ္ဘာ့အမွေ အနှစ်စာရင်း ဝင်နိုင်ရေးအတွက် စာရင်းတင်သွင်းထားတဲ့ဒေသ (သို့မဟုတ်) နေရာဟာ လူသားအားလုံး အသိအမှတ်ပြုနိုင်တဲ့ တန်ဖိုးရှိဖို့လိုအပ်သလို၊ သတ်မှတ်ထားတဲ့စံနှုန်းတွေနဲ့ အနည်းဆုံး တစ်ချက်ကိုက်ညီဖို့ လိုအပ်ပါတယ်၊ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အမွေအနှစ်တစ်ခု ဖြစ်စေဖို့အတွက် ယဉ်ကျေးမှုကဏ္ဍဆိုင်ရာ သတ်မှတ်ထားတဲ့ စံနှုန်း (၆)ချက်ရှိပြီး မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို စံနှုန်း (၃၊ ၄)တို့နဲ့ ကိုက်ညီကြောင်းကို အဆိုပြုစာတွဲမှာ ဖော်ပြခဲ့ပါတယ်၊ မြောက်ဦးအမွေအနှစ်ဒေသ သန့်ရှင်းသာယာ လှပရေး ဒေသခံများပူးပေါင်းဆောင်ရွက်မှုနဲ့ စုပေါင်းသန့်ရှင်း အမှိုက်ကောက် Campaign ဆောင်ရွက်ခြင်းတွေကို ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းပြီး (၃၀-၃-၂၀၂၂) ရက်နေ့မှ (၇-၄-၂၀၂၂)နေ့ထိ ဆောင်ရွက်ခဲ့ပြီး ဆက်လက်ပြီး အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိပါတယ်၊ အဲဒါအပြင် ဒေသခံပြည်သူများအား ကမ္ဘာ့အမွေအနှစ်ဒေသများအကြောင်း၊ မိမိတို့ရဲ့အမွေအနှစ်တွေကို မိမိတို့တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ရမယ့် အသိဝင်လာစေဖို့နဲ့ လိုက်နာရမယ့် စည်းကမ်း၊ စည်းမျဉ်းတွေကို သိရှိစေဖို့ အသိပညာပေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်လျက်ရှိပြီး ပြည်နယ်အစိုးရအဖွဲ့၊ ခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ ဒေသခံပြည်သူများနဲ့ ဌာနဆိုင်ရာများ ပူးပေါင်းပြီး အခါအားလျော်စွာ အစည်းအဝေးတွေကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်၊ မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်နိုင်ရေးအတွက် နိုင်ငံတော် အစိုးရ အနေနဲ့ အစွမ်းကုန်ကြိုးစားလျက်ရှိပြီး ပြည်နယ်အစိုးရအနေနဲ့လည်း လိုအပ်တဲ့အထောက်အပံ့ အကူအညီများ ပေးလျက်ရှိပါတယ်၊ ဒေသခံကများကလည်း မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်နိုင်ရေးကို လိုလားလျက်ရှိကြပြီး အားတက်သရော ဝိုင်းဝန်းဆောင်ရွက်နေကြတာကို မြင်တွေ့ရပါတယ်၊ အဲဒါကြောင့် မိမိတို့အနေနဲ့ မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက် ဆောင်ရွက်နေတာတွေမှာ အားရကျေနပ်မှု အပြည့်ဖြစ်မိပါတယ်။
မေး။ မြောက်ဦးမြို့နယ်ရှိ ဒေသခံပြည်သူများကို အသိပညာပေးလုပ်ငန်းများ ဘယ်လိုလုပ်ဆောင်နေ ပါသလဲရှင်။
ဖြေ။ ကျွန်မတို့အနေနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်သူ/သားများ၊ ရပ်ကျေးဥက္ကဋ္ဌတွေကို ဖိတ်ကြားပြီး ဒေသခံမိဘပြည်သူများ အားလုံးကို မြောက်ဦးမြို့တော်ရဲ့ ကြီးကျယ်ခမ်းနားထည်ဝါမှုများ၊ UNESCO ဝင်ဖို့ လုပ်ဆောင်ရမယ့်အရာများ၊ လုပ်ကိုင်ဆောင်ရွက်မှုများ၊ ယဉ်ကျေးမှုအမွေအနှစ်ရဲ့ အဓိပ္ပါယ် ရှင်းလင်းချက်၊ Outstanding Universal Value (OUV) ၏စံနှုန်းသတ်မှတ်ချက် (၃၊၄)တို့နဲ့ကိုက်ညီမှုရှိပြီး ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန်ပြင်ဆင်ဆောင်ရွက်မှုများ၊ မြောက်ဦးဒေသ၏ဇုံ နယ်နမိတ်မြေပုံများ၊ ရေစီမံမှုစနစ်အားကောင်းသော အဖိုးတန်နေရာတစ်ခုဖြစ်တဲ့အတွက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရမယ့်အရာများနဲ့ အမွေအနှစ်ကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်များ၊ အမွေအနှစ်စာရင်းဝင်ဖြစ်လာပြီးရင် ရရှိလာမယ့်အကျိုးကျေးဇူးတွေကို မြောက်ဦးမြို့ပေါ်ရှိ ကျေးရွာများ၊ မြို့တော်ခန်းမနဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးစတဲ့ နေရာတွေမှာ အခုလက်ရှိ အသိပညာပေးဟောပြောပွဲ လုပ်ဆောင်လျက်ရှိပြီး တစ်အိမ်တက်တစ်အိမ်ဆင်းအသိပေး ပညာပေးတာတွေကိုလည်း လက်ရှိမှာ လုပ်ဆောင်နေတဲ့အပြင် တက်ရောက်လာကြတဲ့သူတွေကို စိတ်ပါဝင်စားလာအောင် မေးခွန်းအမေး၊ အဖြေများ ပြုလုပ်ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးကမ်းခြင်းများကိုလည်း ပြုလုပ်ခဲ့ပါတယ်၊ အခုလောလောဆယ် ဆောင်ရွက်ပြီးစီးတဲ့ နေရာတွေကတော့ ဒိုင်းကျီရပ်ကွက်၊ ထမ္မရာဇ်ရပ်ကွက်၊ ချောင်းသစ်ကျေးရွာ၊ မောင်သာကုန်းကျေးရွာ၊ ပုဇွန်ဖေကျေးရွာ၊ ရွာဟောင်းတောကျေးရွာ၊ ဘုရားအုပ်ကျေးရွာ၊ အုတ်ဖိုကန်ကျေးရွာ၊ မောင်ရွှီကန်ကျေးရွာနှင့် အောင်တပ်ရပ်ကွက်တွေဖြစ်ပြီး ထပ်ပြီးတော့လည်း အသိပညာပေးလုပ်ငန်းတွေကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ် ။
မေး။ ဆရာမအနေနဲ့ ပြည်သူတွေကို ဘယ်လိုများ မက်ဆေ့(ချ်) ပေးချင်ပါသလဲရှင်။
ဖြေ။ ဆရာမနေနဲ့ ပြည်သူတွေကိုပြောချင်တာကတော့ မြောက်ဦးဒေသဟာ ဘိုးဘေးဘီဘင် အမွေအနှစ် တစ်ခုဖြစ်တဲ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ နေရာတစ်ခုဖြစ်တာကြောင့် ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းစေချင်ပါတယ်၊ မြောက်ဦးမြို့ရဲ့အဓိကပြဿနာက အမှိုက်စွန့်ပစ်မှုဖြစ်ပြီး စနစ်တကျစွန့်ပစ်ခြင်းဖြင့် သန့်ရှင်းသာယာလှပတဲ့ မြို့တစ်မြို့ဖြစ်လာစေမှာဖြစ်ပြီး မြစ်၊ ချောင်း၊ အင်း၊ အိုင်ပေါများတဲ့ မြောက်ဦးဒေသဟာ ရေစီမံမှုစနစ်အဆင့်အတန်းမြင့်တဲ့အတွက် အီတလီနိုင်ငံ ဗင်းနစ်မြို့ထက်ပိုပြီးတော့ လှပတဲ့ မြို့တော်တစ်ခုဖြစ်နေတာကြောင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေကို မတိမ်ကောစေရေးအတွက် ဒေသခံမိဘပြည်သူတွေက ကာကွယ်ထိန်းသိမ်းစောင့်ရှောက်စေချင်ပါတယ်။
ဒေါ်ခင်သန်း၊ ဥက္ကဋ္ဌ
မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့
မေး။ အခုလို မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို UNESCO စာရင်းတင်သွင်းနိုင်ဖို့အတွက် တာဝန်ရှိတဲ့သူတွေက ကြိုးစားနေကြတဲ့အပေါ် ဆရာမအနေနဲ့ ဘယ်လိုမြင်ပါသလဲရှင့်။
ဖြေ။ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို UNESCO စာရင်းတင်သွင်းနိုင်ဖို့အတွက် တာဝန်ရှိတဲ့ သူတွေက ကြိုးစားနေကြတဲ့အပေါ် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါတယ်၊ အရမ်းကိုဝမ်းလည်း ဝမ်းသာပါတယ်၊ ထပ်ပြီးတော့ ပူးပေါင်းဆောင်ရွက်သွားဖို့ရှိပါတယ်။
မေး။ တာဝန်ရှိတဲ့သူတွေက ဦးဆောင်လုပ်ကိုင်နေကြတဲ့အပေါ် ဆရာမတို့အနေနဲ့ ဘယ်လိုမျိုး ပူးပေါင်း ပါဝင်တာမျိုးတွေ ရှိပါသလဲရှင့်။
ဖြေ။ ကျွန်မက မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို UNESCO စာရင်းတင်သွင်းနိုင်ဖို့ လုပ်ဆောင်ရာမှာ သမိုင်းရှာဖွေရေး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီးတော့ ကျွန်မတို့အဖွဲ့ကလည်း ကျရာနေရာက တာဝန်ထမ်းဆောင်ကြပါတယ်၊ ဥပမာဇုံမြေပုံရေးဆွဲရေး၊ နယ်နမိတ်သတ်မှတ်ရေး၊ မြေပြင်ပေါ် ရှိနေတဲ့ သမိုင်းအထောက်အထားတွေကို ဝိုင်းကူပြီး ဆောင်ရွက်ပေးနေပါတယ်။
မေး။ အခုဆိုရင် မြောက်ဦးကို UNESCO စာရင်းတင်သွင်းနိုင်ဖို့ တာဝန်ရှိသူတွေကလည်း လုပ်ပြီးပြီ ဆိုတော့ ဒေသခံပြည်သူတွေဘက်က ထိန်းသိမ်းစောင့်ရှောက်ရမယ့် အပိုင်းတွေကို ဆရာမက ဒေသခံတစ်ယောက်အနေနဲ့ ဘယ်လိုမျိုးပြောကြားချင်ပါသလဲရှင့်။
ဖြေ။ ကျွန်မအနေနဲ့ ပြည်သူတွေကို ပြောချင်တာကတော့ အခု ကျွန်မတို့နေတဲ့ မြောက်ဦးမြို့ဟာ ရခိုင့်သမိုင်းဝင် အရေးကြီးတဲ့နေရာတစ်ခုဆိုတာ အရင်ဆုံးသိစေချင်ပါတယ်၊ တစ်ယောက်ကစပြီး မထိန်းသိမ်းလို့ရှိရင် ပျက်စီးသွားနိုင်ပါတယ်၊ လက်ရှိ အမှိုက်စွန့်ပစ်မှုများကြောင့်လည်း ယဉ်ကျေးမှု အမွေအနှစ်ကို ထိခိုက်နိုင်တဲ့အတွက် အမှိုက်တွေကိုဘယ်လိုမျိုး စွန့်ပစ်ရမယ်ဆိုတာ ပြည်သူတွေကို Work Shop တွေလုပ်ပြီး အသိပညာပေး ဆွေးနွေးတာမျိုးတွေလည်း လုပ်နေပါတယ်၊ ပြီးမှ ပြည်သူတွေရဲ့ အသံကို နားထောင်ပြီး သက်ဆိုင်ရာ ခရိုင်/မြို့နယ်တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးတာ မျိုးတွေကိုလည်း ဆောင်ရွက်လျှက် ရှိပါတယ်။
မေး။ ဓါတ်ပုံပြပွဲကျင်းပခြင်းဟာ UNESCO စာရင်းဝင်နိုင်ရေးအပေါ်ကိုဘယ်လောက်ထိသက်ရောက်မှုရှိပြီး ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်တယ်လို့ ဆရာမ ထင်မြင်မိပါသလဲရှင့်။
ဖြေ။ ကျွန်မအနေနဲ့ကတော့ မြောက်ဦးကိုကမ္ဘာက သိဖို့အတွက် ကြိုးစားဆောင်ရွက်တဲ့နေရာမှာ ဓါတ်ပုံပြပွဲကလည်း ကဏ္ဍတစ်ခုအနေနဲ့ အရေးပါတယ်လို့ ထင်ပါတယ်၊ ရခိုင့်ယဉ်ကျေးမှုကို ကမ္ဘာကသိရမယ်၊ ရခိုင်တွေလည်းသိရမယ်၊ ဘာလို့ဆိုတော့ ကိုယ့်ရဲ့ အမွေအနှစ်ရိုးရာတွေကို ကိုယ်မသိလို့ မရဘူးလေ၊ ဒါကြောင့် ရခိုင့်ယဉ်ကျေးမှုကိုရခိုင်သိအောင်၊ အခြားတိုင်းရင်းသားတွေလည်း သိအောင်၊ နည်းပေါင်းစုံနဲ့ ကြိုးစားနေတာကြောင့် ဓါတ်ပုံပြပွဲဟာ အကျိုးကျေးဇူး အများကြီးရှိမယ်လို့ ထင်မြင်မိပါတယ်။
မေး။ နောက်ဆုံးအနေနဲ့ အခုလိုမြောက်ဦးဒေသကို UNESCOစာရင်းဝင်အောင် အဖက်ဖက်က ကြိုးစားနေကြတဲ့ အပေါ်မှာဆရာမရဲ့ ဒေသခံတစ်ယောက်အနေနဲ့ ဖြစ်မိတဲ့ ပီတိစကားလေးတွေကိုလည်း ပြောပြပေးပါဦးရှင့်။
ဖြေ။ ကျွန်မအနေနဲ့ ရခိုင့်ယဉ်ကျေးမှုအမွေအနှစ်တွေကို ပြည်သူတွေထိန်းသိမ်းစောင့်ရှောက်သင့်မှန်း သိမြင်လာကြတဲ့အပေါ် အလွန်တရာမှ ဝမ်းသာမိပါတယ်၊ ရခိုင့်သမိုင်း ရခိုင့်ယဉ်ကျေးမှုကို ကမ္ဘာက သိလာအောင် ကြိုးစားဆောင်ရွက်ပေးနေကြတဲ့အတွက် ဒေသခံတစ်ယောက်အနေနဲ့ ဖော်မပြ တတ်အောင် ကျေနပ်ပီတိဖြစ်မိပါတယ်၊ ကိုယ်တိုင်ကလည်း တတ်စွမ်းသမျှ ပေးဆပ် ဆောင်ရွက်သွားပါမယ်၊ ဒေသခံပြည်သူတွေကလည်း ကိုယ့်ဒေသရဲ့ အမွေအနှစ်တွေကို ရင်ထဲက စစ်မှန်တဲ့ တန်ဖိုး ထားခြင်းတွေအပြည့်နဲ့ ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားကြဖို့နဲ့ အဓိကအားဖြင့် လူငယ် တွေအနေနဲ့ မိမိတို့ရဲ့ ဘိုးဘွားဘီဘင်အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့ တန်ဖိုးရှိလှတဲ့ ရှေးဟောင်း အမွေအနှစ်တွေကို သားစဉ်မြေးဆက် လက်ဆင့်ကမ်း ထိန်းသိမ်းကာကွယ်သွားကြပါလို့ ဒီနေရာကနေ မေတ္တာရပ်ခံချင်ပါတယ်။
ဦးရွှေကျော်ဦး၊ မြို့မိမြို့ဖ
စပါးဆိပ်ရပ်ကွက်၊ မြောက်ဦးမြို့
မေး။ အဘအနေနဲ့ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ယူနစ်စကိုဝင်ရောက်နိုင်ရန်အတွက် ဘာတွေ လုပ်ဆောင်နေပါသလဲ့ရှင့်။
ဖြေ။ ကျွန်တော်ကတော့ ရခိုင်ပြည်နယ် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင် ဖြစ်ပြီး ယခုအခါ မြောက်ဦးမြို့ရှေ့ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့နှင့် ပူးပေါင်းပြီး လုပ်ဆောင် နေပါတယ်၊၊
မေး။ အဘအနေနဲ့ မြောက်ဦးဒေသခံတစ်ယောက်ဖြစ်ပြီး မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်ဒေသဝင်ရောက်ရေးအတွက် ဘယ်အချိန်က စတင်ခဲ့ပါသလဲ၊ ဘာတွေကို ဆောင်ရွက်ခဲ့ပါ သလဲရှင့်။
ဖြေ။ မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်ဝင်ရောက်နိုင်ရန်အတွက် ၂၀၁၇ ကတည်းက အစည်းအဝေးတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေမှာလည်း ပါဝင်ဆောင်ရွက်ခဲ့ပါတယ်၊၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနနဲ့ ပူးပေါင်းပြီးတော့ လိုအပ်တာမှန်သမျှကို အချိန်မရွေး ဆောင်ရွက်ပေးနေပါတယ်ခင်ဗျ။
မေး။ မြောက်ဦးမြို့ ယူနစ်စကိုဝင်ရန်အတွက် ဒေသခံတွေဟာ ဘယ်လိုမျိုးဆက်လက် လုပ်ဆောင်သင့် တယ်လို့ ထင်ပါသလဲ့ရှင့်။
ဖြေ။ အခုလို ဓါတ်ပုံပြပွဲတွေပြုလုပ်တာမြင်ရတတ်အတွက် အလွန်ဝမ်းမြောက်မိပါတယ်၊ ဒေသခံ ပြည်သူ များကို အသိပညာပေးလုပ်ငန်းတွေ ဒီထက်ပိုပြီး ထိထိရောက်ရောက် ဆက်လက်လုပ်ဆောင်သွားဖို့ လိုပါတယ်၊ ခုလိုမျိုး ဒေသခံပြည်သူတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ထိတွေ့ပြီး ပူးပေါင်းလုပ်ဆောင် တာတွေဟာ အလွန်တရာမှ ကောင်းမွန်ပါတယ် ဥပမာအားဖြင့် အမှိုက်ကောက် Campaging တွေလိုမျိုးပေါ့၊ ဒေသခံပြည်သူတွေအနေနဲ့လည်း ယဉ်ကျေးမှုအမွေအနှစ် တန်ဖိုးထားတတ်တဲ့ စိတ်ကို တစ်စက်ကလေးမှ မလျော့ဘဲ ရှေ့ဆက်ပြီး UNSCEO စာရင်းဝင်နိုင်ရေး ကဏ္ဍမှာ တတ်နိုင်တဲ့ဘက်က အားစိုက်ပြီး ပူးပေါင်း ပါဝင်သွားရမယ်လို့ ထင်မြင်မိပါတယ်။
မေး။ အဘအနေနဲ့ ဘာတွေများထပ်ပြီး ဖြည့်စွက်ပြောကြားလိုပါသလဲရှင့်။
ဖြေ။ အဘအနေနဲ့ကတော့ ထွေထွေထူးထူးတော့မပြောလိုတော့ပါဘူး၊ ခုလိုမျိုး မြောက်ဦးမြို့ကို UNISCO စာရင်းဝင်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးနေကြတဲ့ အထက်က တာဝန်ရှိပုဂ္ဂိုလ်တွေ၊ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေ၊ မြောက်ဦးမြို့ပေါ်က အဖွဲ့အစည်းတွေကို အထူးကျေးဇူးတင်မိကြောင်းနဲ့ မြောက်ဦးမြို့ ဒေသခံတစ်ယောက်အနေနဲ့ ကိုယ်နေထိုင်တဲ့ ရှေးဟောင်းသမိုင်းဝင်မြို့ကို ကမ္ဘာက အသိမှတ်ပြုတဲ့ UNISCO ဝင်ရောက်နိုင်ဖို့ အစွန်းကုန် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပြီး လူငယ်တွေ အနေနဲ့ ရှေးခေတ်ဘိုးဘေးဘီဘင်တို့ ထားရှိခဲ့တဲ့ အမွေအနှစ်တွေကို ဆက်လက်ပြီး လက်ဆင့်ကမ်း ထိန်းသိမ်းသွားကြဖို့ နောက်ဆုံးအနေနဲ့ ပြောကြားလိုပါတယ်၊ ကျေးဇူးတင်ပါတယ်။
ခိုင်မင်းသျှန်၊ ဥက္ကဋ္ဌ
လူငယ်အစည်းအရုံး၊ မြောက်ဦးမြို့နယ်
မေး။ မောင်လေးတို့အနေနဲ့ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသမှာ ဓါတ်ပုံပြပွဲကျင်းပတဲ့ ရည်ရွယ်ချက်ကို ပြောပြပေးပါရှင်။
ဖြေ။ ကျွန်တော်တို့အနေနဲ့ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသရဲ့ ကြီးကျယ်ခမ်းအနားမှုတွေ၊ ရှေးဟောင်း အနုပညာလက်ရာတွေ၊ လူနေမှုဘဝတွေကို မြန်မာသာမက ကမ္ဘာကပါ သိရှိစေဖို့အတွက် ဒီလိုမျိုး ဓါတ်ပုံပြပွဲကို ကျင်းပရခြင်းဖြစ်ပါတယ်။
မေး။ အခုလို ဓါတ်ပုံပြပွဲအတွက် ဓါတ်ပုံတွေကို ဘယ်လိုမျိုးစုဆောင်းခဲ့ပါသလဲရှင့်။
ဖြေ။ ဓါတ်ပုံတွေကိုတော့ Social Media ကနေတဆင့် ဓါတ်ပုံပြပွဲရှိကြောင်း ဖိတ်ခေါ်ပြီးတော့ စုဆောင်းခဲ့တာပါ၊ ပြီးတော့ နိုင်ငံအတွင်း ဓါတ်ပုံဆရာများဆီကို ဖုန်း၊ အီးမဲလ်တွေနဲ့လည်း ဆက်သွယ်ပြီး ဓါတ်ပုံတွေ စုဆောင်းခဲ့ပါတယ်။
မေး။ ပြပွဲဓါတ်ပုံတွေ ရောင်းချလို့ရရှိလာမယ့် ငွေတွေကိုဘယ်လိုမျိုးအသုံးပြုပါမလဲရှင်၊ ပြီးတော့ ဓါတ်ပုံတွေကို ဆက်လက်ပြီး ဘယ်လိုမျိုးစီစဉ်ဆောင်ရွက်သွားပါမလဲ သိပါရစေရှင်။
ဖြေ။ ကျွန်တော်တို့အနေနဲ့ ဓါတ်ပုံရောင်းချလို့ ရရှိလာတဲ့ငွေတွေကိုတော့ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်ဖြစ်စေရေးအတွက် လိုအပ်တဲ့နေရာတွေမှာ သုံးစွဲသွားမှာ ဖြစ်ပြီးကျန်တဲ့ ဓါတ်ပုံတွေကို မြောက်ဦးဓါတ်ပုံအသင်းကဘဲ ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်။
မေး။ ဓါတ်ပုံပြပွဲ ကျင်းပရတဲ့အတွက် ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရရှိမယ်လို့ ထင်ပါသလဲရှင်။
ဖြေ။ မြောက်ဦးဆိုတဲ့နာမည်ကို လူတွေပိုသိလာမယ်၊ ပိုသိလာတော့ ခရီးသွားတွေလည်း ပိုများလာမယ်၊ မြောက်ဦးမြို့ရဲ့အလှနဲ့ ရှေးဟောင်းအမွေအနှစ်တွေကို အခုအချိန်အခါထက်ပိုပြီး လူတွေကို ချပြခွင့် ရရှိလာမယ်လို့ မျော်လင့်မိပါတယ်။
မေး။ မောင်လေးတို့အနေနဲ့ အခုဓါတ်ပုံပြပွဲနဲ့ဆက်စပ်ပြီး ပြည်သူတွေကို ဘယ်လိုမျိုး မက်ဆေ့(ချ်) ပေးချင်ပါသလဲ။
ဖြေ။ ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ရဲ့ အနဂ္ဃရတနာမြေ (မြောက်ဦး) ဓါတ်ပုံပြပွဲကို လာရောက်ပြီး ပြသထားတဲ့ ဓါတ်ပုံတွေကို ကြည့်ရှုခံစားယင်း ရှေးဟောင်းအမွေအနှစ်နဲ့ အလှတရားတွေကို ချစ်မြတ်နိုးဖို့ တိုက်တွန်းပြောကြားလိုပါတယ်။
မေးမြန်းသူ - ဒေါ်ခိုင်စန္ဒာထွန်း(ပြန်/ဆက်)
ဓါတ်ပုံ - မြင့်စိုး(ပြန်/ဆက်)