ကယားပြည်နယ် အစိုးရအဖွဲ့မှ နေရပ်ပြန်ပြည်သူများအတွက် ထောက်ပံ့ငွေ၊ ဆောက်လုပ်ရေးပစ္စည်း၊ စားသောက်ကုန်၊ အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

လွိုင်ကော် ဧပြီ ၂၂

ကယားပြည်နယ်အစိုးရအဖွဲ့မှ နေရပ်ပြန်ပြည်သူများအတွက် ထောက်ပံ့ငွေ၊ ဆောက်လုပ်ရေးပစ္စည်း၊ စားသောက်ကုန်၊ အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ ၊ နံနက် ၉ နာရီ အချိန်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် “ ပြည်နယ် အတွင်း အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွါပြီး ယခုလက်ရှိတွင် နယ်မြေတည်ငြိမ် အေးချမ်းလာပြီဖြစ်၍ ပြည်နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသော နေရပ်ပြန်ပြည်သူများ၏ လတ်တလောစားဝတ်နေရေးအတွက် လိုအပ်သည့် စားသောက်ကုန်၊ အသုံးအဆောင်ပစ္စည်းများနှင့် နေအိမ်အဆောက်အအုံများ ပြုပြင်ရန်အတွက် ဆောက်လုပ်ရေး ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကူညီထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ နယ်မြေနှင့် ပြည်သူများ၏ လုံခြုံရေးအတွက် လွိုင်ကော်တပ်နယ်နှင့် လုံခြုံရေးအဖွဲ့ဝင်များပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေးကာလ အတွင်း စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်မည့် ပြည်သူများအတွက် လိုအပ်ချက်များကိုဖြည့်ဆည်းပေးရေး၊ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများအတွက် လမ်းတံတားများ ပြန်လည်ကောင်းမွန်စေရေး၊ စက်မှုဇုံလုပ်ငန်းများ ပြန်လည်လည်ပတ် နိုင်ရေးအတွက် လျှပ်စစ်မီးအချိန်ပြည့်ရရှိစေရေး၊ ဆောက်လုပ်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများနှင့် ဆက်နွယ်၍ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရေး စသည်များကို ပြည်နယ်အတွင်းရှိ ပြည်သူများအားလုံး အကျိုးခံစားရရှိစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူများ အနေဖြင့် မိမိတို့ဘဝရေရှည် ရပ်တည်နိုင်ရေးအတွက် မိမိတို့၏ မူလလုပ်ငန်းများကို ပြန်လည်လုပ်ကိုင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် အရေးပါသော ပညာရေးကဏ္ဍတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် မိမိတို့၏ ရင်သွေးငယ်များ၏ အနာဂတ်အတွက် ကျောင်းသား၊ မိဘ၊ ဆရာ ပူးပေါင်း ဆောင်ရွက်ရေးသည် အရေးကြီးပါကြောင်း၊ ပြည်သူများ၏ ကျန်းမာရေးအတွက် ကိုဗစ်-၁၉ ကပ်ရောဂါ အပါအဝင် အခြားကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးရန် ပြည်သူ့ဆေးရုံများတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးဝါးများ ပြည့်စုံအောင်စီစဉ် ထားရှိပေးထားပါကြောင်း၊ ပြည်နယ်တည်ငြိမ်အေးချမ်း လာစေရေးအတွက် ဆောင်ရွက်နေမှုများတွင် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပြည်သူများ၏ အပြန်အလှန်ယုံကြည်လေးစားမှုနှင့် ပူးပေါင်းပါဝင်မှု သည်လည်း အရေးကြီးပါကြောင်း ” ပြောကြားသည်။

ဆက်လက်၍ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး မြတ်မင်းမိုး၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးရဲမှူးကြီး မျိုးဆွေ၊ လူမှုရေးရာဝန်ကြီးဌာန၊ ဦးအောင်ဝင်းဦးနှင့် ကယားပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်တို့က ဒေသအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ လုံခြုံရေးလုပ်ငန်း ဆောင်ရွက်ပေးနေမှုများ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့်‌ နိုင်ငံသားတိုင်းနိုင်ငံသားကတ်ပြား ရရှိရေးအတွက် ဆောင်ရွက်ပေး နေမှုများကို အသီးသီးဆွေးနွေး ပြောကြား သည်။

ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က  လွိုင်ကော်ခရိုင် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားကျောင်းများ၊  သီလရှင်ကျောင်းများ၊ လွိုင်ကော်မြို့နယ်အတွင်းရှိ  ရပ်ကွက်ကျေးရွာ များဖြစ်သော မိုင်းလုံး၊ ပန်ကန်း၊ ချိကယ်၊ ဒေါဆော်ဘီး၊ ထူသူငံသ၊ မှုံပြာ၊ ရွာတန်းရှည်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အိုကေကျေးရွာအုပ်စု ကျွန်းတောကျေးရွာ၊ သာယပ်ကျေးရွာများရှိ ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ နေအိမ်အဆောက်အအုံများ ပြန်လည်ပြုပြင်ရန်အတွက် အိမ်ဆောက်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ၊ နေရပ်ပြန်ပြည်သူများ အတွက် စားသောက်ကုန်၊ အသုံးအဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ကိုပေးအပ်ရာ သက်ဆိုင်ရာဘာသာရေး ခေါင်းဆောင်များနှင့် ရပ်ကွက်ကျေးရွာများမှ ရပ်မိရပ်ဖများက လက်ခံရယူခဲ့ကြသည်။

ဆက်လက်၍ ရပ်ကွက်ကျေးရွာများကိုယ်စား တက်ရောက်လာကြသောပြည်သူများက သိရှိလိုသည် များကိုတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဆောင်ရွက်ပေးမည့်အစီအစဉ်များ ကိုပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့ပြီး ပြည်သူများ ကိုယ်စား ပန်ကန်းကျေးရွာအုပ်စု၊ မှုံပြာကျေးရွာနေ ဦးကျော်ကျော်အောင်မှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်းနှင့် အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများအား ကယားပြည်နယ်အစိုးရအဖွဲ့က မြို့နယ်ခန်းမ၌ နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။

ယနေ့ အခမ်းအနားတွင် လွိုင်ကော်ခရိုင်အတွင်း ပျက်စီးသွားသောအဆောက်အအုံ စုစုပေါင်း (၁၄၀) လုံးအတွက် ထောက်ပံ့ငွေ ကျပ် (၄၁၉၀၀၀၀၀/-)၊ သွပ် (၂၉၆၀) ချပ်၊ ဘိလပ်မြေ (၁၁၇၈) အိတ်၊ ယာယီတိုက်ပွဲရှောင် စခန်းဖွင့်လှစ်ထားသော ဘုန်းတော်ကြီး ကျောင်းများနှင့် ခရစ္စယာန် ဘုရားကျောင်းတို့အတွက် လှူဒါန်းငွေ ကျပ် (၈၅၀၀၀၀/-)၊ မှုံပြာကျေးရွာနှင့် ကျွန်းတောကျေးရွာရှိ နေရပ်ပြန်အိမ်ထောင်စု(၃၆၀) စုနှင့် ယာယီရှောင်တိမ်း အိမ်ထောင်စု (၁၃၅) စုတို့အတွက် ဆန်(၆) ပြည်အိတ် (၄၆၉) အိတ်၊ ဆီ (၁၅၃) ပိဿာ၊ ဆား (၁၀၈) ပိဿာနှင့် ကြက်သွန်(၂၃၈)ပိဿာ တို့အတွက် (၆၁၉၁၂၇၀/-) ကျပ်ဖြစ်ပြီး စုစုပေါင်းထောက်ပံ့ငွေမှာ (၇၉၈၉၄၇၂၀/-) ကျပ် ဖြစ်ကြောင်း ၊ နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်မှုအနေဖြင့် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖရူဆို မြို့နယ်များမှ ပြည်သူ (၆၆၁) ဦးအတွက် ပေးအပ်ခဲ့ကြောင်း” သတင်းရသည်။

ပြည်နယ် (ပြန်/ဆက်)