ပွင့်ဖြူမြို့နယ်တွင် သင်ရိုးသစ် Grade–5 (TOT) ဗဟိုအဆင့်နည်းပြသင်တန်း ဖွင့်လှစ်ပို့ချ

ပွင့်ဖြူ ဧပြီ ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် သင်ရိုးသစ် Grade-5 (TOT) ဗဟိုအဆင့်နည်းပြ သင်တန်းကို Online စနစ်ဖြင့် ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ပို့ချ သင်ကြားပေးခဲ့‌ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ ဦးဆောင် ဖွင့်လှစ်ခြင်းဖြစ်ကာ ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမများ၊ ဒုတိယမူလတန်းပြနှင့် လက်ထောက်မူလတန်းပြ ဆရာ၊ ဆရာမများ စုစုပေါင်း သင်တန်းသားဦးရေ ၃၈ ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ဗဟိုအဆင့်နည်းပြဆရာများက ဘာသာရပ်အလိုက် သင်ခန်းစာများကို နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၃ နာရီခွဲအထိ ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့် အညီ Online စနစ်ဖြင့် ပို့ချသင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခု ဖွင့်လှစ်ပို့ချသည့် သင်ရိုးသစ် Grade-5(TOT) ဗဟိုအဆင့် နည်းပြသင်တန်းကို ဧပြီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ(၆)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)