ကန့်ဘလူ ဧပြီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ယခုနှစ်နွေစပါးကို တစ်မြို့နယ်လုံးအနေဖြင့် လျာထား ဧက ၂၉၅၁၀ အနက်မှ ဧက ၉၂၀၀ ကျော်စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ထိုသို့စိုက်ပျိုးနိုင်ရန် ကန့်ဘလူမြို့နယ်အတွင်းရှိ ကင်းတပ်ရေလှောင်တမံ၊ ကျေးပင်အက် ရေလှောင်တမံ၊ ပေကြီးရေလှောင်တမံ၊ သိန်ရင်ရေလှောင်တမံ၊ မင်းပြင်ရေလှောင်တမံ၊ လင်ပန်း ရေလှောင်တမံနှင့် လျှပ်စစ်ရေတင် လုပ်ငန်းများမှ နွေစပါးများအောင်မြင်စွာ စိုက်ပျိုးနိုင်ရန် အတွက် ဆည်ရေများကို ဖေဖော်ဝါရီလ ၁၆ ရက်က စတင်ပေးဝေခဲ့ရာမှ ယနေ့အထိ နွေစပါး ဧက ၉၂၁၉ ဧကစိုက်ပျိုးပြီးစီးခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ နွေစပါးလျာထားဧကပြည့်မီကျော်လွန် စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာ ဌာနဆိုင်ရာများက ကြီးကြပ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ရာသီဥတုရေမြေဒေသနှင့်ကိုက်ညီသော အထွက်ကောင်းမျိုးများ၊ အရည်အသွေးကောင်းမျိုးများ တို့းချဲ့စိုက်ပျိုးနိုင်ရန်နှင့် စပါးစိုက်ဧကတိုးတက်အောင် ဆောင်ရွက်ခြင်း၊ တစ်ဧကအထွက်နှုန်း တိုးတက်ရေး အထူးမျိုးကောင်းမျိုးသန့် ထုတ်လုပ်ခြင်း၊ သွင်းအားစုများ စနစ်တကျ ထည့်သွင်းကာ လေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန် စီမံဆောင်ရွက်ခြင်း၊ ခေတ်မီလယ်ယာသုံး စက်ကိရိယာများကို တိုးတက်သုံးစွဲလာနိုင်စေရန် ကူညီပံ့ပိုးပေးခြင်းတို့ကိုလည်း သက်ဆိုင် ဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ထို့ပြင် ဒေသခံတောင်သူ လယ်သမားများ စိုက်ပျိုးနည်းစနစ်များ မှန်ကန်စေရေး၊ မြေဩဇာ စနစ်တကျသုံးစွဲနိုင်စေရေး၊ ပိုးမွှားကျရောက်မှုမှ ကာကွယ်နိုင်စေရေးနှင့် တစ်ဧက စပါးအထွက်နှုန်း တိုးတက်စေရေးတို့အတွက် ကွင်းဝန်ထမ်းများက နည်းစနစ်များကို တောင်သူများအား ပံ့ပိုးကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးစံအောင်ကပြောသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)