ငါးသိုင်းချောင်း ဧပြီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ဒေသခံပြည်သူများအား ဦးစားပေးဦးတည်အုပ်စုအလိုက် အဆက်မပြတ် ထိုးနှံဆောင်ရွက် ပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေပြည့်ဝစွာ ထိုးနှံရေးနှင့် ကျန်ရှိမှု မရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက စည်ပင်သာယာ မြို့မဈေးကြီးအတွင်း၌ သက်ဆိုင်ရာ တာဝန်ရှိသူများက ကာကွယ်ဆေးကွင်းဆင်းထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၊ မြို့စည်ပင်သာယာရေးအဖွဲ့ လက်ထောက် အင်ဂျင်နီယာဒေါ်သွဲ့သွဲ့ရှိန်၊ ကျန်းမာရေးဌာန၊ ဌာနဆိုင်ရာများ၊ နယ်မြေရဲတပ်ဖွဲ့၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့က မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ်များ စစ်ဆေးခြင်း၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် သတ်မှတ်ရက်ပြည့်သူများကို စိစစ်၍ ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ အသက်-၁၈နှစ် ပြည့်ပြီး ကာကွယ်ဆေးမထိုးနှံရသေးသူများကို ကျန်းမာရေး အခြေအနေစစ်ဆေး၍ ကာကွယ်ဆေးထိုးနှံပေးခြင်း အစီအစဉ်များကို မြို့မဈေးအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် သက်ဆိုင်ရာမှ ညွှန်ကြားချက်၊ စည်းကမ်းချက်များကို အများပြည်သူ ဆက်လက်သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် မြို့မဈေး အတွင်း အသိပညာပေးနှိုးဆော်ခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး အသိပေး နှိုးဆော်ခြင်းနှင့် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း သက်သေခံ လက်မှတ်နှင့် အကြိမ်ရေများ စစ်ဆေး၍ ကာကွယ်ဆေးထိုးနှံရန် လိုအပ်ပါက ထိုးနှံပေးခြင်း အစီအစဉ်များကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကိစ္စနှင့် ပါတ်သက်၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ငါးသိုင်းချောင်းမြို့၌ ကာကွယ်ဆေးထိုးနှံမှုတွင် ဦးစားပေးဦးတည်အုပ်စုအလိုက် ဒေသခံပြည်သူများ အကြိမ်ရေ ပြည့်ဝစွာထိုးနှံရေး၊ ကျန်ရှိမှုမရှိစေရေးအတွက် ယခုကဲ့သို့ ကွင်းဆင်းဆောင်ရွက်မှုများကို ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပြီး အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်က ပြောကြားထားကြောင်း သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)