ပေါက်တောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးနိုင်ရေး Mobile Team စနစ်ဖြင့် ကွင်းဆင်းထိုးနှံ

ပေါက်တော ဧပြီ ၂၁

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင် ပါဝင်သူများအား ဧပြီလကုန်အတွင်း ရာနှုန်းပြည့်ထိုးနှံပြီးစီးနိုင်ရေးအတွက် Mobile Team စနစ်ဖြင့် နဝမအသုတ်(ပထမ)အကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ပေါက်တောမြို့နယ်ကျေးရွာများသို့ ကွင်းဆင်း ထိုးနှံပေးလျက်ရှိသည်။

ထိုသို့Mobile Teamစနစ်ဖြင့် ကွင်းဆင်းထိုးနှံခြင်းကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူများအားလုံး မည်သူတစ်ဦးတစ်ယောက်မှ မကျန်စေရန် စာရင်းများကောက်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးမှုများအား ဆောင်ရွက်ပေးပြီး၊ ကျန်းမာရေး ဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသည့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covaxin)ကို Mobile Team စနစ်ဖြင့်ကျေးရွာများသို့ အရှိန်အဟုန်မြှင့်ကွင်းဆင်း ထိုးနှံပေးလျက်ရှိသည်။

ပေါက်တောမြို့နယ်အတွင်း  နဝမအသုတ်(ပထမ)အကြိမ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ နယ်လှည့်ကွင်းဆင်း ထိုးနှံခြင်းကို ယမန်နေ့က ပေါက်တောမြို့နယ် ပြွန်ခေါင်ကျေးရွာအုပ်စု၊ အလယ်ကျွန်းကျေးရွာအုပ်စု၊ ကျောက်စုကျေးရွာ အုပ်စု၊ ငခူချောင်းကျေးရွာအုပ်စု၊ မြင့်ဂါကျေးရွာအုပ်စု၊ သရက်ချိုကျေးရွာအုပ်စု၊ ချောင်းစောက်ကျေးရွာအုပ်စု၊ သာစည် ကျေးရွာအုပ်စုများမှ ဦးတည်အုပ်စု ပြည်သူစုစုပေါင်း(၁၉၉၇)ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့ပြီး၊ ရာခိုင်နှုန်းအားဖြင့် ဧပြီလ(၂၀)ရက်နေ့အထိ (၈၅.၈၁)ရာခိုင်နှုန်း ထိုးနှံပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)