မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံရှေးဦး သူနာပြုစုနည်း သင်တန်းဖွင့်လှစ်

မြောင်းမြ ဧပြီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန ( Community Centre)ခန်းမ၌ အခြေခံ ရှေးဦးသူနာပြုစုနည်းသင်တန်းကို မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြောင်းမြခရိုင် ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ်(၁)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းတွင် မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်စန္ဒာထွန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ တစ်စုံ တစ်ရာထိခိုက်မှုများ ရရှိလာပါက ဆေးရုံဆေးခန်းအကူအညီ မရနိုင်သေးသည့် အခြေအနေ များတွင် ရှေးဦးသူနာပြုစုနည်းကို နားလည်တတ်ကျွမ်းပါက လူနာများအတွက် များစွာ အထောက်အကူ ရရှိနိုင်စေရန်နှင့် လူငယ်များအတွက် ယင်းအတတ်ပညာဖြင့် မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိမိသားစုနှင့် မိမိပတ်ဝန်းကျင်ကို ကူညီအထောက်အကူပြုနိုင်စေရန် လည်းကောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်လည်းကောင်း ရည်ရွယ်၍ ယခုသင်တန်းကို ခရိုင်ကြက်ခြေနီ အသင်းနှင့် ပူးပေါင်း၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

သင်တန်းပထမနေ့တွင် မြောင်းမြခရိုင် ကြက်ခြေနီအသင်းတပ်ဖွဲ့မှူး(နည်းပြ) ဦးစန်းဝင်းက ကမ္ဘာ့ကြက်ခြေနီအကြောင်း၊ ရှေးဦးသူနာပြုစုခြင်းအဓိပ္ပါယ်၊ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များ၊ ထိခိုက်ဒဏ်ရာအမျိုးအစားများ၊ သွေးယိုစီးခြင်းအကြောင်းစသည့် ဘာသာရပ်များကို ရှင်းလင်း သင်ကြားပေးခဲ့သည်။

အဆိုပါသင်တန်းကို  ကျောင်းသားကျောင်းသူ (၃၀)ဦးတို့က တက်ရောက်သင်ကြားခဲ့ကြပြီး၊ ဧပြီလ(၁၉)ရက်နေ့မှ (၂၁)ရက်နေ့အထိ နေ့လယ်(၁)နာရီမှ (၄)နာရီအထိ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း၊  သင်တန်းဆင်းပွဲကို ဧပြီလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း၊ သင်တန်းတွင်  ထူးချွန်သူကို ဆုချီးမြှင့်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ရူပါအေး