သဲကုန်း ဧပြီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြို့နယ်ပြန်/ဆက်ဝန်ထမ်းများနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ လူထုစိန်ဝင်း ရေးသားသော "မျှော်လင့်ချက်မဲ့ အခြေအနေဆိုတာမရှိဘူး" စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်ဝင့်နန္ဒာဌေးက မိတ်ဆက်စကားပြောကြားပြီး စာဖတ်ဝိုင်းကို စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများ မပျောက်ပျက်စေရန်၊ စာပေကို ချစ်မြတ်နိုးသူများ အချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် လူငယ်များနှင့်ပြည်သူများ အသိအမြင်ဗဟုသုတများ ဖလှယ်ဆွေးနွေးတတ်သည့် အလေ့အကျင့် ကောင်းရရှိစေရန် ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာ လူထုစိန်ဝင်းရေးသားသော "မျှော်လင့်ချက်မဲ့ အခြေအနေဆိုတာမရှိဘူး" စာအုပ်ကိုစာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)မှ ဦးစိုးဇော်လှိုင် (စိုးဇော်လှိုင်-ဆင်မြီးဆွဲ)မှ ရိုးသားမှုက အရေးကြီးဆုံး၊ ဦးသိန်းအောင် (သန်းငဘ)မှ တတ်ရင်နော်ရင်ပြီးရောလား၊ ဦးဆန်းမြင့်အောင် (ဆန်းမြင့်အောင်-သဲကုန်း)မှ "မျှော်လင့်ချက်မဲ့ အခြေအနေ ဆိုတာမရှိဘူး"၊ ဦးသန်းစိုး(ပညာရေးမှ) " ခေတ်မီခြင်းနဲ့ခေတ်ဆန်ခြင်း " စသည့် ဆောင်းပါးများကို အသီးသီးဖတ်ကြား ဆွေးနွေး ခဲ့ကြသည်။
စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) နှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို သဲကုန်းမြို့နယ် (Book Club) အဖွဲ့ဝင် စာရေးဆရာများ၊ စာငှားပရိသတ်များ တက်ရောက်ခဲ့ကြပြီး စာဖတ်ဝိုင်းကိုလစဉ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်၊ပြန်/ဆက်