လွိုင်ကော်မြို့တွင် ၁၃၈၃ ခု၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် ယိမ်းအက၊ အလှ ဆုချီးမြှင့်ခြင်းနှင့် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကျင်းပ

လွိုင်ကော် ဧပြီ ၁၇

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ကျင်းပပြုလုပ်သော ၁၃၈၃ ခု၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် ယိမ်းအက၊အလှ ဆုချီးမြှင့်ခြင်းနှင့် မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကို ယနေ့ (သင်္ကြန်အတက်နေ့) မွန်းလွဲပိုင်းက နောင်ယား (ခ) ရပ်ကွက်ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ် ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်သည့် သင်္ကြန်ယိမ်း အက ပြိုင်ပွဲတွင် ပထမဆုရရှိသည့် နွေဦးရွှေပန်းချီ ယိမ်းအဖွဲ့၊ ဒုတိယဆုရရှိသည့် ပန်းပိတောက်ယမင်း ပျိုယိမ်းအဖွဲ့၊  တတိယဆုရရှိသည့် မင်္ဂလာသင်္ကြန် ယိမ်းအဖွဲ့နှင့် နှစ်သိမ့်ဆုရရှိသည့် ယိမ်းအဖွဲ့များအား ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြသည်။

ထို့နောက် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဦးဇော်မျိုးတင်က နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြား ခဲ့ပြီး သင်္ကြန်ယိမ်းအဖွဲ့များမှ မန်းတောင်ရိပ်ခို သီချင်းဖြင့် စုပေါင်းသီဆို ကပြဖျော်ဖြေကြ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက အတာသင်္ကြန်ရေပက်ဖျန်းကြကာ ပထမဆုရရှိသည့် ယိမ်းအဖွဲ့မှ ပြန်လည်ကပြဖျော်ဖြေပြီး မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ကြီးအား ပိတ်သိမ်းခဲ့သည်။

လွိုင်ကော်မြို့တွင် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို သင်္ကြန်အကြိုနေ့မှ စတင်ပြီး သင်္ကြန် အတက်နေ့အထိ မြို့ပေါ်ရှိ သင်္ကြန်မဏ္ဍပ်အသီးသီးတွင် ယိမ်းအကအလှပြိုင်ပွဲများ၊ ဖျော်ဖြေပွဲများ၊ ခေတ်ပေါ် တေးဂီတများဖြင့် မြန်မာ့နှစ်သစ်ကူးတွင် ပြည်သူများအား အပန်းဖြေစေနိုင်ရေးအတွက် ဖျော်ဖြေပေးခဲ့ကြပြီး ကယားပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များက နေ့စဉ် စတုဒိသာ ကျွေးမွေးလှူဒါန်း၍ သင်္ကြန်မောင်မယ်များက သင်္ကြန်ရေပက်ဖျန်းကြကာ အေးချမ်း ပျော်ရွင်စွာဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်ကြီးကို ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)