မအီမြို့တွင် နှစ်သစ်ကူးအတာသင်္ကြန် မြို့မဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ    

မအီ ဧပြီ ၁၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် နှစ်သစ်ကူးအတာသင်္ကြန် မြို့မ ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မအီမြို့၊ အမှတ်(၃)ရပ်ကွက်၊ ရန်ကုန်-ကျောက်ဖြူ ကားလမ်းမဘေးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပု၊ ခလရ(၉၈)မှ ဒုတိယဗိုလ်မှူးကြီး သိန်းစောနိုင်၊ မအီနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ် ဝင်ထွန်းနိုင်၊ မအီတိုက်နယ်ဆေးရုံမှ တာဝန်ခံဆရာဝန် ဒေါက်တာမင်းနိုင်ကျော်နှင့် မအီမြို့ပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် မြို့မိမြို့ဖများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြ သည်။ ဆက်လက်ပြီး ယိမ်းအကအဖွဲ့မှ မန်းတောင်ရိပ်ခိုသီချင်းဖြင့် သီဆိုကပြခဲ့ကြပြီး တက်ရောက်လာသူများမှ မြန်မာ့ရိုးရာ အစဉ်အလာအတိုင်း နံ့သာရေပက်ဖျန်းခြင်း၊ ရေကစား ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ဖော်ပြပါ ဗဟိုမဏ္ဍပ်ကို မအီမြို့ပေါ်လူငယ်များမှ ပူးပေါင်း၍ မိမိတို့ဒေသမဟာသင်္ကြန်ကို စည်ကားသိုက်မြိုက် ပျော်ရွင်စွာ တည်ရှိစေရန် ရည်ရွယ်၍ အကောင်အထည်ဖော် စီစဉ် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်းနှင့် အဆိုပါ မဏ္ဍပ်တွင် သင်္ကြန်ကာလတစ်လျှောက် ပျော်ပါး စွာ ရေကစားခြင်း၊ စတုဒီသာကျွေးခြင်း၊ တောင်ကုတ်မြို့မှ FINGERS PLUS တီးဝိုင်းဖြင့် သီဆိုဖျော်ဖြေမှုများကို ဧည့်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗဟိုမဏ္ဍပ်ဖြစ်မြောက်ရေး ကော်မတီမှ ကိုကျော်စွာထွန်းက ပြောကြားသည်။

မောင်မောင်ဌေး(ပြန်/ဆက်)