အုတ်တွင်းမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ

အုတ်တွင်း ဧပြီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ သင်္ကြန်အကြိုနေ့  ညနေ ၄ နာရီ အချိန်က ဈေးရပ်ကွက်၊ ဓမ္မစေတီလမ်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီက  အုတ်တွင်းမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား နှစ်စဉ်ကျင်းပပြုလုပ်လာခဲ့ပြီး၊ ၂၀၂၁ ခုနှစ်၌  ကမ္ဘာ့ကပ် ရောဂါ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားလျက်ရှိသောကြောင့် ကျင်းပပြုလုပ်ခြင်း မရှိဘဲ၊ ယခုနှစ်တွင် ဒေသခံပြည်သူများအနေဖြင့် အစဉ်အလာမပျက် မြန်မာ့ရိုးရာဓလေ့ဖြင့် ပျော်ရွှင်စရာ၊ စိတ်အပန်းဖြေစရာ တရပ်ဖြစ်စေရန်  ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး မြင့်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၃) ဦးဇော်မင်းမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးမင်းအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းဦး၊  စက်မှုလယ်ယာမှ ဦစီးအရာရှိ ဦးအောင်ဆန်းနိုင်၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာခြည်ဖြိုးတို့က တို့က အသီးသီး ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။

ထို့နောက် မြို့ပေါ်(၆) ရပ်ကွက်မှ ယိမ်းအဖွဲ့ (၆)ဖွဲ့၊ ကျွဲပွဲမြို့မှ ယိမ်းအဖွဲ့တို့က မန်းတောင်ရိပ်ခို သီချင်းဖြင့် ကပြဖျော်ဖြေပြီး တာဝန်ရှိသူများက နံ့သာရေများဖြင့် ပက်ဖျန်း၍ စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။ ဆက်လက်ပြီး မဟာသင်္ကြန်မဏ္ဍပ်ကို သင်္ကြန်အကြိုနေ့မှ သင်္ကြန်အတက်နေ့ထိ စည်းကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရပါသည်။

မြို့နယ် (ပြန်/ဆက်)