ကျောက်ကြီး ဧပြီ ၁၄
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ ၂၀၂၂ ခုနှစ် ဧပြီလတွင် ကျရောက်မည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်အား ရိုးရာမပျက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်တွင် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်အား နှစ်စဉ်ကျင်းပပြုလုပ်လာခဲ့ပြီး၊ ၂၀၂၁ ခုနှစ်၌ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလျက်ရှိသောကြောင့် ကျင်းပ ပြုလုပ်ခြင်း မရှိဘဲ၊ ယခုနှစ်တွင် ဒေသခံပြည်သူများ မြန်မာ့ရိုးရာဓလေ့ဖြင့် ပျော်ရွှင်စရာ၊ စိတ်အပန်းဖြေစရာတရပ် ဖြစ်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်စီစဉ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်တွင် ကျောက်ကြီးမြို့ ဆားတန်းရပ်ကွက် အလယ်လမ်းကြီးပေါ်၌ လမ်းလျှောက် အတာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ပြီး ပွဲတော်ကာလတွင် ရိုးရာယဉ်ကျေးမှု မပျောက်ပျက်စေဘဲ ရေကစားနိုင်ရန် စီမံဆောင်ရွက်ထားကြောင်းနှင့် ကျောက်ကြီးမြို့ပေါ်ရပ်ကွက်များမှလည်း ရက်အလိုက် စတုဒီသာများ ကျွေးမွေးဧည့်ခံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက သိရသည်။
ထို့အတူ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က လမ်းလျှောက် သင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြပြီး မီးသတ်ဦးစီးဌာနမှ ဒေသခံပြည်သူများ ရိုးရာ အတာသင်္ကြန်ပွဲတော်နှင့်အညီ ရေကစားနိုင်ရန် ရေရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)