ကျိုက်လတ် ဧပြီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်ကအမှတ်(၄) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း(၁၀)ဖြတ်လမ်းထိပ်ရှိ ဗဟိုမဏ္ဍပ်၌ အေးချမ်းသာယာစွာနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျက အဖွင့်အမှာ စကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး သပြေခက်ဖြင့် နှစ်သစ်ကူး အတာရေစင်ပက်ဖြန်းခဲ့ကြသည်။ ဆက်လက်၍ တက်ရောက် လာကြသော ဧည့်သည်တော်များအား ယိမ်းအဖွဲ့များက ဧည့်ခံဖျော်ဖြေခဲ့ကြပြီး ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်