မြို့သစ်မြို့၊ လယ်ပြင်ရပ်ကွက် ပတ္တမြားလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

မြို့သစ် ဧပြီ ၁၄

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မြို့တွင်းလမ်းများနှင့် မြို့တွင်းမြောင်းကူးတံတားများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် မြို့သစ်မြို့လယ်ပြင်ရပ်ကွက်၊ ပတ္တမြားလမ်းအရှည် (၁၄၇၉)ပေ၊ အကျယ် (၁၂)ပေ၊ ထု(၉)လက်မ ကွန်ကရစ်ခင်းခြင်းကို တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ (၃၂ ဒသမ ဝဝ) ကျပ်သန်းဖြင့် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပြီး ယခုအခါတွင် ရာခိုင်နှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း သန့်ရှင်းသာယာလှပပြီး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရေစီးရေလာ ကောင်းမွန်စေရန်အတွက် ရေမြောင်းများ တူးဖော်ခြင်း၊ အမှိုက်သရိုက်များ ကင်းစင်စေရေး သန့်ရှင်းရေး လုပ်ငန်များကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး အများပြည်သူများ သွားလာရေး အဆင်ပြေစေရန် အများပြည်သူ အသုံးပြုသည့် လမ်းများကို ပုံမှန်မြေသားလမ်းမှ ကတ္တရာလမ်းနှင့် ကွန်ကရစ်လမ်းအဖြစ်သို့ အဆင့်မြှင့်တင် ခင်းခြင်း၊ ပြုပြင်ခြင်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းဝင်းထွန်း