သာယာဝတီ ဧပြီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့) ညနေ ၅ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ ဘောလုံးကွင်းလမ်းရှိ မြန်မာ့ရိုးရာမဟာသင်္ကြန် မဏ္ဍပ်၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မိသားစုများနှင့် ယိမ်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ ယာယီဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး အောင်စည်သူက နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးကောင်စီ ယာယီဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး အောင်စည်သူ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလူ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ (အဖွဲ့ဝင်-၂) ဦးမြင့်သူ၊ ခရိုင်ရဲမှူး ဒုရဲမှူးကြီး ဉာဏ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဟိုတို့က မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်န်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် ယိမ်းအဖွဲ့များအား အောင်သပြေခက်ဖြင့် အတာရေအေးပတ်ဖျန်း၍ သင်္ကြန် ပွဲတော်ကို ဆင်နွှဲခဲ့ကြပြီး ယိမ်းအဖွဲ့သမီးပျိုများက "မန်းတောင်ရိပ်ခို" အတာသင်္ကြန် တေးသီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေကြရာ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ ယာယီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိ ရပ်ဖများနှင့် ပြည်သူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သန့်ဇော်(သာယာဝတီ)