ကျောက်ဖြူမြို့တွင် ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲနှင့် ဘုရားရေသပ္ပာယ်ပွဲအား ရိုးရာအစဉ် အလာမပျက်ကျင်းပ

ကျောက်ဖြူ ဧပြီ ၁၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ရခိုင်ရိုးရာ နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပာယ်ပွဲ အခမ်းအနားအား ယနေ့ နံနက် ၆ နာရီက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမဆောင်တွင် ရိုးရာအစဉ်အလာမပျက် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် နံ့သာသွေးပြိုင်ပွဲဖြစ်မြောက်‌ရေးကော်မတီ နာယက ဒေါ်ရတနာဝင်းမောင် က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ရဲ့ ၂၀၁၉ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေးမှ ချမှတ်ခဲ့တဲ့ ရှေ့လုပ်ငန်း စဉ်(၉)ရပ်အနက်မှ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်‌ရေးနှင့် ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးတို့အတွက် ပါဝင်ဆောင်ရွက်ရန်ဆိုသည့် လုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခုကျင်းပသည့် နံသာသွေးပြိုင်ပွဲသည် ဗုဒ္ဓဘုရားရှင်အား နံ့သာရည်ပက်ဖျန်းပြီး ရေသပ္ပာယ်တော်မူရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပပြုလုပ်တဲ့ ပြိုင်ပွဲဖြစ်သည့်အတွက် ပြိုင်ပွဲဝင် သမီးငယ်များမှာလည်း အနိုင်အရှုံးကို အဓိကယှဉ်ပြိုင်ခြင်းမျိုးမဟုတ်ပဲ ဗုဒ္ဓရှင်တော်မြတ်ဘုရားကို ရည်မှန်းကာ နံ့သာရည် ပက်ဖျန်းပြီး ရေသပ္ပာယ်တော်မူရန်ဆိုတဲ့ ကောင်းမြတ်တဲ့ စိတ်ထားနဲ့ ယှဉ်ပြိုင်မည်ဆိုရင် ကောင်းမှုကုသိုလ်များ တိုးပွားစေမည်ဖြစ်ပါကြောင်း စသည့် နံ့သာသွေးပြိုင်ပွဲကျင်းပရခြင်း နှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။

ယင်းနောက် နံ့သာသွေးပြိုင်ပွဲ ကျင်းပရေးကော်မတီနာယက ဆရာမကြီး ဒေါ်တင်တင်အုန်း မှ  ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး နံ့သာသွေးပြိုင်ပွဲကျင်းပ ရေးကော်မတီ ဒိုင်ချုပ် လက်ထောက်ညွှန်ကြားရေးမှူး (ငြိမ်း) ဒေါ်ခင်မြတ်မွန်က ပြိုင်ပွဲ၏ စည်းမျဉ်း၊ စည်းကမ်းများနှင့် အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြားကာ ပြိုင်ပွဲဝင် အသင်းပွဲစဉ်များအား မဲစနစ်ဖြင့် သတ်မှတ်ရွေးချယ်ပေးခဲ့သည်။   

ယင်းနောက် နံ့သာသွေးပြိုင်ပွဲအား ဆက်လက်ကျင်းပရာ ဝင်ရောက်ယှဉ်ပြိုင်ကြသည့်  အစိုးရ ရပ်ကွက်၊ အရာရှိရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်၊ ကုလားဘာတောင်ရပ်ကွက်၊ ရခိုင်ပိုက်ဆိပ်ရပ်ကွက်၊ ငလပွေ့ရပ်ကွက်၊ ကညင်တောရပ်ကွက်၊ မြစ်နားတန်းရပ်ကွက်၊ စသောမြို့ပေါ် (၁၆)ရပ်ကွက်မှ ပြိုင်ပွဲဝင်အသင်း (၁၆)သင်းတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြပြီး ပထမဆုရရှိသည့် အနောက်ပိုင်းရပ်ကွက်အား ဆုငွေသုံးသိန်းကျပ်၊ ဒုတိယဆုရရှိသည့် မြစ်နားတန်းရပ်ကွက်အား ဆုငွေနှစ်သိန်းကျပ်၊ တတိယဆုရရှိသည့် ငလပွေ့ရပ်ကွက်အား ဆုငွေတစ်သိန်းကျပ်နှင့် နှစ်သိမ့်ဆုရရှိသည့် ရပ်ကွက်များအား ဆုငွေငါးသောင်းကျပ်စီ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း နံ့သာသွေးပြိုင်ပွဲ ကျင်းပရေးကော်မတီထံမှ သိရသည်။

ထို့နောက် ပြိုင်ပွဲဝင်လှပျိုဖြူများမှ ဂုံးချွိန်ကျေးရွာရှိ သမိုင်းဝင်တန်ခိုးကြီး ကံ့ကော်တော ဘုရားသို့ သွား‌ရောက်ပြီး ၎င်းဘုရားဝင်းအတွင်းရှိ ဘုရားဆင်းတုတော်များအား အမွှေးနံ့သာ ရေများဖြင့် ရေသပ္ပာယ်ပြီး ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း