အုတ်ဖို ဧပြီ ၁၁
သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ဦးစီးမှူးရုံး မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာနှင့် ဝန်ထမ်းများမှ ဧပြီလ ၇ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့ကြသူများအား ထောက်ပံငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လေဘေးသင့်ခဲ့သည့် ကျေးရွာအုပ်စု ၅ စု၊ ကျေးရွာ ၈ ရွာတို့မှ ပြိုလဲနေအိမ် (၁၁)လုံးနှင့် အမိုးလန်နေအိမ်(၃၀)လုံး၊ အမိုးလန်ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းတို့အတွက် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၂၂၉၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၄၁)စုရှိ လူဦးရေ(၁၆၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၃၄၄၄၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၂၆၃၄၄၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၁၁)အိမ်ထောင်စာတို့ အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်သူ