ပွင့်ဖြူ ဧပြီ ၁၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စုအတွင်းရှိ မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများတွင် မုန်းချောင်းရေနှင့် မြေအောက်ရေကို အမှီပြုပြီး ဒေသခံတောင်သူများက မိသားစုဝင်ငွေတိုးပွားရေးအတွက် ဈေးကောင်းရရှိသည့် သခွါးသီးနှံအား စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာ အုပ်စု ၊ ညောင်ကုန်းကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် စပါး၊ နှမ်း၊ မြေပဲ၊ ကုလားပဲ၊ ပဲထောပတ်၊ ပဲတီစိမ်း၊ နေကြာ စသည့် သီးနှံများကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်းသိရကာ မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံတောင်သူများသည် ကိုင်းမြေနှင့် မြေနုကျွန်းတို့တွင် မုန်းချောင်းရေနှင့် မြေအောက်ရေကို အကျိုးရှိစွာ အသုံးချပြီး စားဖိုချောင်သီးနှံများကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ ထိုသို့ စားဖိုချောင်သီးနှံများ စိုက်ပျိုးလုပ်ကိုင်ရာတွင် မိသားစုဝင်ငွေတိုးပွားရေးအတွက် ဒေသခံတောင်သူများက ဈေးကောင်းရရှိသော သခွါးသီးနှံကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး စိုက်ပျိုးရေအဆင်ပြေမှုကြောင့် သခွါးသီးနှံ စိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ ဒေသခံတောင်သူတွေဟာ နေ့စဉ်ဝင်ငွေရရှိတဲ့ စားဖိုချောင်သီးနှံတွေဖြစ်တဲ့ ဖရုံ ၊ သခွါး ၊ ဘူး၊ ခရမ်းချဉ်၊ ငရုတ်၊ ကြက်သွန်၊ ချဉ်ပေါင်၊ ကန်စွန်း၊ တိုင်ထောင်ပဲ၊ ပဲရှည်သီး၊ ခရမ်း၊ ကြက်ဟင်းခါး စတဲ့သီးနှံများကို အားထားစိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ကျွန်တော်ကတော့ စားဖိုချောင်သီးနှံတွေထဲမှာ စီးပွားရေးတွက်ခြေကိုက်တဲ့ မျှားနီစိုက်ပျိုးရေးကုမ္ပဏီက ထုတ်လုပ်တဲ့ ဆမ်းမားသခွါးသီးနှံကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ပါတယ်။ ဒီ ဆမ်းမားသခွါး သီးနှံကစိုက်ပျိုးပြီး တစ်လခွဲအကြာမှာ ရောင်းတန်းဝင် သခွါးသီးတွေကို ဆွတ်ခူးရောင်းချရပြီး အပင်တစ်ထောင်လောက် စိုက်ပျိုးပါက အနည်းဆုံး သီးနှံဝင်ငွေ လေးသိန်းခန့် အကျိုးအမြတ် ရရှိပါတယ်။ စားသုံးသူတွေလည်း အကြိုက် တွေ့လို့ ဈေးကွက်မှာလည်း ရောင်းအားကောင်းပါတယ်။ ဒါ့ကြောင့် သခွါးသီးနှံစိုက်ပျိုးရေးလုပ်ငန်းဟာ ကျွန်တော်တို့ စိုက်ပျိုးတောင်သူတွေအတွက် အဆင်ပြေသလို တစ်ဆင့်ပြန်ရောင်းချတဲ့ ဈေးသည်တွေ လည်း အဆင်ပြေပါတယ်” ဟု ပွင့်ဖြူမြို့နယ် ညောင်ကုန်းကျေးရွာမှ သခွါးသီးနှံ စိုက်ပျိုးတောင်သူ တစ်ဦးကပြောပြသည်။
ရဲဝင်းနိုင် (ညောင်ဦး)