ဇလွန်မြို့၌ နွေရာသီအခြေခံအားကစားသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

ဇလွန် ဧပြီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့၌ နွေရာသီအခြေခံ အားကစားသင်တန်း ဆင်းပွဲ အခမ်းအနားကို ယ​နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက နွေရာသီအားကစား သင်တန်းသည် တစ်မျိုးသားလုံး ကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် အခြေခံ အားကစားသင်တန်းများကို ဖွင့်လှစ်ခြင်းဖြင့် ထူးချွန်ထက်မြက်သော အားကစားလူရည်ချွန် မျိုးဆက်သစ်များ ပေါ်ပေါက်လာစေရန် ဖြစ်ကြောင်း၊ အားကစားနည်းအလိုက် အခြေခံနည်း စနစ်များကို စနစ်တကျ တတ်မြောက်စေလိုကြောင်း၊ သင်တန်းဆင်းပြီးသော်လည်း အားလပ်ချိန်တိုင်အားကစားကွင်းတွင် လာရောက်ကစားနိုင်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး အေရိုးဗစ်သင်တန်းသူများနှင့် မြန်မာ့သိုင်းသင်တန်းသားများက သရုပ်ပြသခဲ့ကြသည်။ ယင်းနောက် သင်တန်းတွင် ထူးချွန်သူများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ အဆိုပါ နွေရာသီအားကစား အ‌ခြေခံသင်တန်းကိုဘောလုံး၊ ပြေးခုန်ပစ်၊ ရိုးရာခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ မြန်မာ့သိုင်း၊ ကြက်တောင်၊ အေရိုးဗစ်သင်တန်းများကို မတ်လ(၂၅)ရက်နေ့မှ ဧပြီလ(၇)ရက်နေ့အထိ​ ဖွင့်လှစ်ပေးခဲ့‌ကြောင်းကို မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနဦးစီးအရာရှိ ဒေါ်မေဒီလွင်ထံမှ သိရသည်။

ဝေယံ- ဇလွန်(ပြန်/ဆက်)