ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (မီနီဘတ်ဂျက်)အတွင်း သဘာဝဘေးဖြစ်ပွားမှု (၄)ကြိမ်နှင့် သောက်သုံးရေရှားပါးဒေသသို့ ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်နိုင်ခဲ့

ဘိုကလေး ဧပြီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း သဘာဝဘေး ကျရောက်မှုများအား ကူညီထောက်ပံ့ခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (မီနီဘတ်ဂျက်)အတွင်း ဘိုကလေးမြို့နယ်အတွင်းမှ သဘာဝဘေးအန္တရာယ် ကျရောက်မှု(၄)ကြိမ်အား ကူညီထောက်ပံ့နိုင်ခဲ့ပြီး သောက်သုံးရေရှားပါးသည့်ဒေသအတွက် စက်ရေတွင်း တူးဖော်လှူဒါန်းနိုင်ခဲ့သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (မီနီဘတ်ဂျက်)အတွင်း ဘိုကလေးမြို့နယ်တွင် မီးဘေးဖြစ်ပွားမှု (၁)ကြိမ်၊ လေဘေးဖြစ်ပွားမှု (၁)ကြိမ်၊ မိုးကြိုးဘေးဖြစ်ပွားမှု (၁)ကြိမ်နှင့် မိချောင်းဆွဲခံရမှု (၁)ကြိမ်ရှိခဲ့ပြီး မီးဘေးနှင့် လေဘေးသင့် မိသားစုဝင်များအား အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေများ၊ (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများ၊ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးနိုင်ခဲ့ပြီး မိုးကြိုး‌ဘေးသင့်ခံရသူများအတွက် ဆေးဝါးကုသစရိတ် ထောက်ပံ့ငွေများ၊ မိချောင်းဆွဲခံရ၍ သေဆုံးသူအတွက် ထောက်ပံ့ငွေများအား ဘေးသင့်မိသားစုဝင်များ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

၎င်းကူညီထောက်ပံ့မှုများအပြင် သောက်သုံးရေ ရှားပါးပြတ်လပ်သည့် ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု ရေငန်ဒေသကိုလည်း သောက်သုံးရေဖူလုံမှု ရရှိစေရေးအတွက် ငွေကျပ် (၃၅)သိန်းကျခံ၍ စက်ရေတွင်း တူးဖော်လှူဒါန်းပေးနိုင်ခဲ့ကြောင်း၊ သဘာဝဘေး ကျရောက်လာပါက မုန်တိုင်းဒဏ်ခံအဆောက်အဦးသို့ အလျှင်အမြန်သွားရောက် ခိုလှုံနိုင်ရေးအတွက် ကျေးရွာတွင်း ချောင်းကူးတံတား တည်ဆောက်နိုင်ရေး လှူဒါန်းငွေ (၄၅)သိန်းကျပ်ကိုလည်း ဘိုကလေးမြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စုသို့ ထောက်ပံ့လှူဒါန်းနိုင်ခဲ့ကြောင်းနှင့် နယ်မြေအေးချမ်းမှုမရှိသည့်ဒေသများမှ ဘိုကလေးမြို့နယ်အတွင်းသို့ လာရောက်ခိုလှုံကြသည့် တိုက်ပွဲရှောင်ပြည်သူ (၃၂)ဦးအတွက်လည်း (၇)ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများကိုလည်း ထောက်ပံ့နိုင်ခဲ့ကြောင်း သိရသည်။

မိုးစက်