သာယာဝတီမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံ ကာ အသိပညာပေး ဟောပြောပွဲပြုလုပ်

သာယာဝတီ ဧပြီ ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ အသိပညာပေး ဟောပြောပွဲကို သက်ဆိုင်ရာဌာနများ ပူးပေါင်းအဖွဲ့က  ယမန်နေ့ နံနက်ပိုင်းက လှည်းလမ်းကူးကျေးရွာအုပ်စု၌ ကျေးရွာ တောင်သူများထံအရောက် ကွင်းဆင်းအသိပညာပေး ဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုက နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်း တိုးတက်မြင့်မားရေး၊ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးနိုင်ရေး၊ ပိုးသတ်ဆေးသုံးစွဲမှုနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့် အချက်များအား အသိပညာပေး ဟောပြောသည်။

ဆက်လက်၍ သက်ဆိုင်ရာဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက မိမိတို့ကဏ္ဍအလိုက် ဒေသအတွင်း ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေး၊ လယ်ယာမြေလုပ်ကိုင် ခွင့်ပြုလက်မှတ် ပုံစံ(၇) အမည်ပြောင်းလဲလျှောက်ထားခြင်း၊ ကြက်မွေးမြူရေး၊ နွားမွေးမြူရေး၊ နွားမေထုံမဲ့သား ဆက်ခြင်း၊ လယ်ယာသုံးလက်တွန်း ထွန်စက်သုံးစွဲနိုင်ရေးနှင့် သရုပ်ပြမောင်းနှင်ခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး၊ အိမ်တွင်းလက်မှုအတတ်ပညာ သင်တန်းဖွင့်လှစ်မှု အပေါ်တက်ရောက်နိုင်ရေး၊ ချေးငွေနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် နည်းလမ်းများအား အသီးသီး အသိပညာဆွေးနွေး ဟောပြောခဲ့ကြသည်။

ထို့နောက် ဒေသခံတောင်သူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနများမှ   တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးညှိနှိုင်း   ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန့်ဇော် (သာယာဝတီ)