နောင်တရား ဧပြီ ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ၌ ပအိုဝ်းတိုင်းရင်းသားလူငယ်များအတွက် နွေရာသီကျောင်းပိတ်ရက်များအတွင်း ပအိုဝ်းတိုင်းရင်းသားစာပေ သင်ကြားပေးလျက်ရှိသည်။
ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုများကို လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ရန်အတွက် သံဃာတော်များနှင့် ပအိုဝ်းတိုင်းရင်းသားဆရာများက ဦးဆောင်၍ နွေရာသီကျောင်းပိတ် ရက်များအတွင်း ပအိုဝ်းတိုင်းရင်းသားလူငယ်များကို ပအိုဝ်းစာပေသဒ္ဒါနှင့် ဗုဒ္ဓတရားတော်များကို ပြဌာန်းစာအုပ်အဖြစ်ထားရှိ၍ သင်ကြားပေးလျက်ရှိသည်။ ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမူဗဟိုမှ ဘာသာရပ် (၁၂)မျိုးကို သင်ကြားစေပြီးမိမိတို့၏ ကျောင်းသားကျောင်းသူ အရွယ်များနှင့် ကိုက်ညီသည့် ပအိုဝ်းစာပေသဒ္ဒါနှင့် ဗုဒ္ဓတရားတော်များဖြစ်သည့် သိဂ္ဂါလောဝါဒ၊ ဗုဒ္ဓတရားတော်မင်္ဂလာတရား(၃၈)ပါး၊ သုစရိုတ်၊ ဒုစရိုက်၊ ဇာတ်ဝတ္ထု(၉)စသည့် ဘာသာရပ်များကို သင်ကြားပေးလျက်ရှိသည်။
ယခင်နှစ်များတွင် ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်များ၌ စာစစ်ဌာန (၃၂)ခုဖွင့်လှစ်၍ ပအိုဝ်းတိုင်းရင်းသားစာပေ စာမေးပွဲကိုနှစ်စဉ်ကျင်းပလျက်ရှိသည်။ ပအိုဝ်းတိုင်းရင်းသား စာပေများတွင် ဗုဒ္ဓတရားတော်များကို ထည့်သွင်းသင်ကြားခြင်းသည် လူငယ်လူရွယ်များ လိမ္မာယဉ်ကျေးပြီး လူမျိုးနှင့် ဘာသာသာသနာကို ထိန်းသိမ်းဆောင့်ရှောက်နိုင်စေရန်နှင့် ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကို လက်ဆင့်ကမ်းထိန်းသိမ်းဆောင့်ရှောက်ရန် ရည်ရွယ်ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)