မြောင်းမြ ဧပြီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၊ ကလေးစာဖတ်ခန်းတွင် နွေရာသီကျောင်းပိတ်ရက် အားလပ်ရက် တွင် ကလေးများအတွက် ဉာဏ်ရည်မြှင့်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရာ ယနေ့နံနက်(၁၀)နာရီက ကလေးငယ်များ စိတ်ကြိုက် ပုံပြင်ပြော ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲများကို ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းမှာ ကျောင်းသား ကျောင်းသူ ကလေးငယ်များ နွေရာသီ ကျောင်းပိတ်ရက် အားလပ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ရန်၊ ကလေးများ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်၊ စာအုပ်စာပေများကို ချစ်မြတ် နိုးပြီး စာဖတ်ချင်စိတ် ဖြစ်ပေါ်လာစေရန်၊ လူအများရှေ့တွင် ရဲရဲဝင့်ဝင့် ပြောဆိုတတ်စေရန်၊ တစ်ဦး၏ ကောင်းသော အလေ့အကျင့်များကို တစ်ဦးက အတုယူ အားကျလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပေးရခြင်းဖြစ်ကြောင်း မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက ရှင်းလင်းပြောကြား ခဲ့သည်။
စိတ်ကြိုက် ပုံပြင်ပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ကျောင်းသားကျောင်းသူ (၂၅)ဦး တို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ဆုရရှိသူများကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသားလူငယ်များနှင့် အများပြည်သူ ဗဟုသုတရရှိစေမည့် ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ Talk Show များ၊ နံရံကပ် စာစောင်များကို လစဉ် စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြောင်းမြခရိုင်၊ ပြန်/ဆက်