ဖရူဆိုမြို့၌ ပန်းချစ်မြတ်နိုးသူများအတွက် အခြေခံပန်းအလှပြင်သင်တန်း ဖွင့်လှစ်

ဖရူဆို စက်တင်ဘာ ၁  

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများ၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ လုပ်ငန်းများ တိုးတက်စေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ရရှိစေရန် ရည်ရွယ်၍ အခြေခံပန်းအလှပြင်သင်တန်းကို  ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ပြုလုပ်သည်။

သင်တန်းတွင် ဖရူဆိုမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နှင်းထက်ထက်လွင် က လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်နေတဲ့ လုပ်ငန်းကြီး (၇) ရပ် အနက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသည် အဓိကအခန်းကဏ္ဍမှ ပါဝင်သော လုပ်ငန်းဖြစ်သည်နှင့်အညီ အမျိုးသမီးများ၏ အသက် မွေးဝမ်းကြောင်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရပ်ရွာဒေသအတွင်း ဆင်းရဲမှုလျော့ချရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးနှင့် အမျိုးသမီးများ ဝင်ငွေရလုပ်ငန်းအဖြစ် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် လူမှုဝန်ထမ်းဦးစီးဌာနက အမျိုးသား/ အမျိုးသမီးများကို အခြေခံ/အဆင့်မြင့်စက်ချုပ်သင်တန်း ၊ ဇာထိုးပန်းထိုးသင်တန်း၊ ပန်းအလှပြင်သင်တန်း နှင့် မုန့်လုပ်နည်း သင်တန်းတို့ကို သင်တန်းကျောင်းအခြေပြုနှင့် ရပ်ရွာအခြေပြုပုံစံ(၂)မျိုးဖြင့် သင်တန်း ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် သင်တန်းမှရရှိသော ပညာရပ်များကို မိမိတို့ရပ်ရွာတွင် ပြန်လည် အသုံးချကြစေလိုကြောင်း ပြောကြားသည်။

အဆိုပါ အခြေခံပန်းအလှဆင်သင်တန်းကို ဖရူဆိုမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန နည်းပြဆရာမ (၃)ဦးမှ ဖရူဆိုမြို့နယ်အတွင်းရှိ အသက် (၁၈)နှစ်မှ (၄၅)နှစ်ကြား ပန်းချစ်မြတ်နိုးသူ အမျိုးသမီး (၁၅)ဦးအား စက်တင်ဘာလ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ (၅)ရက် ကြာ စာတွေ့လက်တွေ့ဖြင့် အခမဲ့ သင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

တော့ရယ်(ပြန်/ဆက်)