ဝမ်းတွင်းမြို့တွင်မီးဘေးလုံခြုံရေးနှင့်ကြိုတင်ကာကွယ်ရေးအတွက်ကွင်းဆင်းစစ်ဆေး၊ အသိပညာပေးခြင်းများဆောင်ရွက်

ဝမ်းတွင်း ဧပြီ ၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် စစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်း၊ အသိပညာပေးဟောပြောခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက ဝမ်းတွင်းမြို့ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တွင်ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

ဝမ်းတွင်းမြို့နယ်အတွင်းမီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းဦးဆောင်၍ မြို့နယ်အတွင်းရှိဌာနဆိုင်ရာများ၊ စက်ရုံ အလုပ်ရုံများ တွင်သတ်မှတ်သောနေ့ရက်များအလိုက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ဝမ်းတွင်းမြို့ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လိုက်နာရမည့်နည်းလမ်းများ၊ မီးဘေးလုံခြုံရေး အတွက် လျှပ်စစ်မီးကြိုးများစစ်ဆေးခြင်း၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်စေနိုင်သည့် အချက်များ ဆွေးနွေးရှင်းလင်းခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများကို ဟောပြောခဲ့ကြောင်း သိရသည်။ ထို့နောက် ဒုတိယမီးသတ်ဦးစီးမှူး စည်သူငွေစိုးမှ မီးသတ်ဆေးဗူးအသုံးပြုပုံနှင့် မီးငြှိမ်းသတ်ခြင်းများကို လက်တွေ့ သရုပ် ပြသခဲ့ပြီးဝန်ထမ်းများကလက်တွေ့မီးငြိမ်းသတ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါမီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက်စစ်ဆေးဆောင်ရွက်ခြင်းနှင့်ဟောပြောဆွေးနွေးခြင်း၊ လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းများကိုမြို့နယ် မီးသတ်ဦးစီး မှူးဦးစိုးထွန်းဦးဆောင်၍ ဒုတိယမီးသတ်ဦးစီးမှူး စည်သူငွေစိုးနှင့်မီးသတ်တပ်ဖွဲ့ဝင်များမှ ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)