ဝေါ စက်တင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ မဲဆန္ဒရှင် ပြည်သူများ လွယ်ကူ ချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် အသက်(၁၈) နှစ်ပြည့်ပြီး နိုင်ငံသားကတ် မပြုလုပ် ရသေး သူများ၊ မဲစာရင်းတွင် ပါရှိပြီး နိုင်ငံသား ကတ်မရှိကြသူများ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အချိန်မီ ထုတ်ပေးနိုင် ရေး အတွက် သစ္စာစီမံချက်ဖြင့် အဖွဲ့(၅)ဖွဲ့ခွဲကာ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများအား အပတ်စဉ် စနေနေ့တိုင်း ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ပြုလုပ် ဆောင်ရွက်ပေးရာတွင် ဝေါမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှမြို့နယ် ဦးစီးမှူး ဦးရဲထွန်းမြင့်နှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများအား သစ္စာစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ မြစ်ကျိုးကျေးရွာ၊ ညောင်ခါးရှည်ကျေးရွာ၊ ဘိုးပြန်ကျေးရွာ၊ ကျုံသင်ကျေးရွာ၊ ကမာကဘန် ကျေးရွာ ကျေးရွာတို့တွင် ကျား(၁၅၇)ဦး၊ မ(၂၃၃)ဦး စုစုပေါင်း (၃၉၀)ဦး ဆောင်ရွက်ပေးခဲ့ပြီး ဝေါမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၆၄)အုပ်စုတွင် ယနေ့ထိကျေးရွာ အုပ်စု(၃၁) အုပ်စုအား ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ကျား(၇၅၂)ဦး၊ မ(၁၁၁၆)ဦး၊ စုစုပေါင်း (၁၈၁၅)ဦးအား စိစစ်ထုတ်ပေးခဲ့ကြောင်းသိရသည်။
ကျန်ကျေးရွာ(၃၃) အုပ်စုကို သစ္စာစီမံချက်ပါ နေ့ရက်များအလိုက် တိုက်နယ်များခွဲကာ ကွင်းဆင်း ဆောင်ရွက် ပေးသွား မည်ဖြစ်ပြီး စက်တင်ဘာလ(၅)ရက်နေ့တွင် ဝေါမြို့နယ်အတွင်းရှိ ကျေးအုပ်စု(၅)စု ဖြစ်သည့် စိုင်တီစုကျေးရွာ၊ ကျုံရဲ ကျေးရွာ၊ တနော်ကျွန်းကျေးရွာ၊ အဘား ကျေးရွာ၊ ဘုရားပျိုကျေးရွာ တို့တွင် (သတ္တမအကြိမ်)မြောက် အသက်(၁၈) နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်များ နိုင်ငံသားတိုင်းရရှိစေရန် ပြုလုပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)