ကန့်ဘလူ စက်တင်ဘာ ၁
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကာလတွင် စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့၌ လုံခြုံရေး အထူးရဲအင်အား ၂၀၂ ဦးနှင့် အရန် ၄ ဦး အသုံးပြုသွားမည် ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
မဲရုံတစ်ရုံလျှင် တစ်ဦးနှုန်းဖြင့် မဲရုံများ၌ အထူးရဲ ၂၀၂ ဦး၊ အကြောင်းတစ်စုံတစ်ရာ ပေါ်လာလျှင် အသုံးပြုနိုင်ရန် အရန်ရဲ ၄ ဦးတို့ကို ရွေးကောက်ပွဲလုံခြုံရေးအတွက် အသုံးပြု သွားမည်ဖြစ်သည်။ မဲရုံသို့လာမည့်ပြည်သူများအား မဲမပေးနိုင်အောင် နှောက်ယှက်ခြင်းများ မရှိစေရန် ရပ်ကင်း၊ လှည့်ကင်းများချထားမည်ဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင် များက ပူးပေါင်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
ရွေးကောက်ပွဲကျင်းပနေစဉ် မဲရုံပတ်ဝန်းကျင်တွင် ဆူညံခြင်း၊ မူးယစ်ခြင်း၊ အသံချဲ့စက်ဖွင့်ခြင်း ဖြစ်စဉ်များနှင့် ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အလေးထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)