ခေါင်လန်ဖူး ဧပြီ ၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် ၂၀၂၂-ခုနှစ် မတ်လလကုန်ပိုင်းမှ စတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့တွင် ခေါင်လန်ဖူးမြို့ အမှတ်(၃)ရပ်ကွက်ရှိ ယခုနှစ်လမ်းအသစ် ဖောက်လုပ်ထားသည့် ခြေရာကုန်း ပတ်လမ်းမြေသား ပြိုကျမှုများဖြစ် ပေါ်ခဲ့သည်။
ယင်းလမ်းမြေသားပြိုကျမှုကြောင့် လမ်းအောက်ဘက်တွင် နေထိုင်ကြသည့် နေအိမ်ခြောက်အိမ်မှာ အန္တရာယ်ရှိနိုင်ပြီး လူနေအိမ်အောက်အတွင်းထိ လမ်းမြေဇာများ ၀င်ရောက်ခဲ့မှုကြောင့် နေအိမ်သုံးအိမ်မှ မိသားစုသုံးစု အားတာ၀န်ရှိသူများက အမှတ်(၁) အေဂျီဘုရားကျောင်း၀င်းသို့ ခေတ္တပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းမြေသားပြိုကျမှုကြောင့် လူ၊ တိရိစ္ဆာန်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိကြောင်းနှင့် လမ်းအသစ်ဖောက်လုပ်ထားသည့် အခြားရပ်ကွက်များတွင်လည်း လမ်းမြေသားပြိုကျမှု ဖြစ်ပေါ်လျက်ရှိရာ ယင်းလမ်းမြေသားပြိုကျမှုများကို ရာသီဥတုကောင်းမွန်သည့် အချိန်တွင် ပြန်လည်ပြုပြင် ရှင်းလင်းနိုင်ရေး တာ၀န်ရှိသူများက စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)