မြောင်းမြခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မြောင်းမြ    စက်တင်ဘာ  ၁

မြောင်းမြခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသောင်းတင်ထွေးက မြို့နယ်အုပ်ချုပ်ရေးမှူးများအနေဖြင့် စစ်ဆေးရေးဂိတ်များတွင် ရခိုင်ပြည်နယ် အသွားအလာကန့်သတ်ထားသည့် မြို့နယ်များမှ ပြန်လာသူများအား စစ်ဆေးရာတွင် စနစ်တကျကြီးကြပ် ဆောင်ရွက်ရန်၊ တာဝန်ကျဌာနဆိုင်ရာများ အနေဖြင့်လည်း စနစ်တကျ စစ်ဆေးမှုများပြုလုပ်ကြရန်၊ စာသင်ကျောင်းများအား Facility Quarantine များအဖြစ် ပြန်လည်အသုံးချခွင့်ရရှိထားပြီးဖြစ်၍ ရပ်/ကျေးများ အထိသိရှိအောင် ဆောင်ရွက်ထားရန်၊ ကုန်စည်စီးဆင်းမှု အဆင်ပြေစေရေးအတွက် မော်တော်ယာဉ်နှင့် သင်္ဘောများကိုလည်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ခွင့်ပြု့ပေးရေး၊ စည်ပင်သာယာဈေးများ အတွင်း ပိုးသတ်ဆေး ဖျန်းခြင်းအား ဆက်လက်လုပ်ဆောင်ရန်၊ ရပ်ကွက်ကျေးရွာများ၌ ကိုဗစ်-၁၉ အသိပညာပေးလှုံ့ဆော်ရေးများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရန်၊ ဌာနဆိုင်ရာများ ခရီးသွားလာရန်ရှိပါက သက်ဆိုင်ရာ ကိုဗစ်-၁၉ ကော်မတီထံမှ ခရီးသွားလာခွင့် ထောက်ခံချက် များရယူကြရန်၊ စားသောက်ဆိုင်များအား ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးကြရန် ဆွေးနွေးပြောကြားခဲ့သည်။

၎င်းနောက် ခရိုင်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြသည်။ အဆိုပါ အစည်းအဝေးသို့ မြောင်းမြခရိုင် မြို့မိ/ဖများ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ခရိုင်ကိုဗစ်-၁၉ ကော်မတီဝင်များ တတ်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။ 

စန္ဒာကြည်(ပြန်/ဆက်)