နောင်ချိုမြို့ မိခင်ကလေးကျန်းမာရေးဌာနတွင် ကလေးငယ်များ လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက်

နောင်ချို    စက်တင်ဘာလ ၁

ကျောက်မဲခရိုင်၊နောင်ချိုမြို့ မိခင်ကလေးကျန်းမာရေးဌာနတွင် လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းဖြစ်သော အသက်(၂)လမှ (၁၈)လထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်အနေဖြင့် လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် ကာကွယ်ဆေး(၉)မျိုးကို ထိုးနှံပေးပြီး ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးကို တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။ ယခုလို လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ဆေးရုံအခြေပြုဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဘေးအန္တရာယ် ကင်းစွာ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးနိုင်ရန်အတွက် မိဘများအနေဖြင့် ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ကြစေရန် အသိပေးထားကြောင်း မိခင်ကလေး ကျန်းမာရေးဌာနမှ သိရသည်။

အဆိုပါကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို တစ်ရက်လျှင် ၅၀ ဦးသာ ထိုးနှံပေးမည်ဖြစ်ပြီး အုပ်ထိန်းသူများသည် နေအိမ်မှထွက်လာသည့်အခါ နှာခေါင်းစည်း စနစ်တကျတပ်ဆင်ခြင်း၊ ဆေးခန်း အတွင်းသို့ မဝင်ရောက်မီ လက်ကို စနစ်တကျဆေးစေခြင်း၊ ကလေးနှင့်အတူ အုပ်ထိန်းသူတစ်ဦးသာ ဝင်ရောက်ရမည်ဖြစ်ကာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်စေခြင်းဖြင့် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ထွေးငယ်၊နောင်ချို ပြန်/ဆက်