ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး (Talk Show)ကျင်းပ

ငါးသိုင်းချောင်း ဧပြီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့ နံနက်ပိုင်းက မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး(Talk Show)ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ (Talk Show) အစီအစဉ်၌ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူးဒေါ်နှင်းယုဝေက မသန်စွမ်းသူများနှင့် ပတ်သက်သည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ရာ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ရေကြည်မြို့နယ်ရုံးခွဲ တာဝန်ခံ ဦးမင်းဇော်ဦးက မသန်စွမ်းသူအမျိုးအစား (၄)မျိုး၊ မြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ကူညီ ဆောင်ရွက်မှုအခြေအနေ၊ မသန်စွမ်းကလေးငယ်များအား ကာယဉာဏ ဖွံ့ဖြိုးမှုဆိုင်ရာ သင်ကြားမှု၊ ကူညီထောက်ပံ့ဆောင်ရွက်နေမှုနှင့် မြို့နယ်အတွင်း မသန်စွမ်းသူများအနေဖြင့် ဆက်သွယ်အကူအညီ တောင်းခံနိုင်သည့် အခြေအနေများကို အသိပညာပေး(Talk Show)အစီအစဉ်ကို (online)မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်ခဲ့ကြောင်း သိရသည်။

လက်ရှိအခြေအနေတွင် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)မှ မြို့နယ်အတွင်းရှိ မသန်စွမ်းသူများအနက် အခက်အခဲရှိသော မသန်စွမ်းသူဦးရေ (၃၀)ဦးကို တစ်ဦးလျှင် (၂၅၀၀ဝိ/)နှုန်းဖြင့် အိမ်တိုင်ရာရောက် သွားထောက်ပံ့ပေးခြင်း၊ ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ ထောက်ပံ့ပေးအပ်ပွဲကျင်းပခြင်းနှင့် မသန်စွမ်းကလေးငယ် (၂)ဦးအား (Save the Children)မှထောက်ပံ့သည့် ကာယ၊ ဉာဏဆိုင်ရာ သင်ထောက်ကူပစ္စည်းများပေးအပ်ခြင်း၊ လက်တွေ့သင်ကြားပေးခြင်းများကို မတ်လအတွင်း ကူညီထောက်ပံ့ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ရေကြည်မြို့နယ်ရုံးခွဲတာဝန်ခံ ဦးမင်းဇော်ဦးက ပြောကြားခဲ့ကြောင်း သိရှိရပြီး ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ မသန်စွမ်းသူများဆိုင်ရာ အခမ်းအနားများကျင်းပပေးခြင်း၊ အသိပညာပေး အစီအစဉ်များအပြင် အများပြည်သူ အသိပညာဗဟုသုတရရှိစေမည့် အကြောင်းအရာများကို သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်သူများ၊ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ အသိပညာပေး(Talk Show) အစီအစဉ်များကို (online)မှတစ်ဆင့် စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရှိရသည်။

စိုးမင်းဦး(ပြန်/ဆက်)